CNI International News

တိုကျို၊ ဇူလိုင် ၁၀

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေး လုပ်နေသော်လည်း ဇူလိုင် ၈ ရက် (ယမန်နေ့) အခင်းဖြစ်ပွားရာနေရာတွင် ဖမ်းဆီးခံခဲ့ရသော သံသယရှိသူ အကြောင်း လူသိနည်းနေသေးသည်။

အသက် ၆၇ နှစ်အရွယ်ရှိ အာဘေးသည် လမ်းမတစ်နေရာတွင် လူအုပ်ကြီးအား မဲဆွယ်စည်းရုံးသည့် မိန့်ခွန်း ပြောကြားနေစဉ် ပစ်ခတ်ခံခဲ့ရပြီး ဇူလိုင် ၈ ရက်၊ ဒေသစံတော်ချိန် ညနေ ၅း ၀၃ နာရီတွင် ကွယ်လွန်အနိစ္စ ရောက်သွားပြီဖြစ်ကြောင်း နာရာတက္ကသိုလ်ဆေးရုံမှ ဆရာဝန်များက အတည်ပြုခဲ့ကြသည်။

ဘယ်သူ့ကို သံသယရှိလဲ


ယာမာဂါမီတက်စုယာ (အသက် ၄၁) နှစ်သည် အာဘေးကို ပစ်သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်ဟု နာရာနီရှီ ရဲတပ်ဖွဲ့က ဇူလိုင် ၈ ရက်၊ ညနေပိုင်း သတင်းစာရှင်းလင်းတွင် ပြောကြားခဲ့သည်။ အလုပ်လက်မဲ့ဖြစ်သူ ယာမာဂါမီ သည် ၎င်းအမြင်မကြည်လင်သည့် အုပ်စုတစ်စုအပေါ် မုန်းတီးမှုရှိနေကြောင်း စစ်ကြောမေးမြန်းသူများကို ထုတ်ဖော်ပြောခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူ ယာမာဂါမီတက်စုယာကို လုံခြုံရေးများက ဖမ်းဆီးနေစဉ် (ရိုက်တာ)

အဆိုပါအုပ်စု၏အမည်ကိုတော့ ရဲတပ်ဖွဲ့က အတိအကျမပြောကြားပေ။
ယာမာဂါမီသည် လူသတ်မှုကြောင့် သံသယရှိသူအဖြစ် စုံစမ်းစစ်ဆေးခံနေရပြီး ၎င်းအားစုံစမ်းစစ်ဆေးမည့်အဖွဲ့ဝင် ဦးရေ ၉၀ အထိ တာဝန်ပေးထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဘယ်လိုသေနတ်နဲ့ ပစ်ခတ်ခဲ့သလဲ


ပစ်ခတ်မှုတွင် သံသယရှိသူသည် လက်လုပ်သေနတ်တစ်လက်ကို သုံးခဲ့ကြောင်း ရဲက ပြောကြားခဲ့ရာ အခင်း ဖြစ်ပွားရာနေရာတွင် ရိုက်ကူးထားသော ဓာတ်ပုံများတွင် အနက်ရောင်တိပ်များဖြင့် ရစ်ပတ်ထားသော ဆလင်ဒါ သတ္တုချောင်းနှစ်ချောင်းပါသော လက်နက်ဖြစ်ပုံရသည်။

နောက်ပိုင်းတွင် သံသယရှိသူ၏တိုက်ခန်းမှ လက်လုပ် ပစ္စတိုသေနတ်နှင့်တူသော ပစ္စည်းအများအပြားကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့သည်။
အာဘေးပစ်ခတ်မှု၌ သုံးခဲ့သောလက်နက်မှာ အရှည် စင်တီမီတာ ၄၀ ရှည်၍ အနံ စင်တီမီတာ ၂၀ ရှိ သေနတ်နှင့်တူသောပစ္စည်း ဖြစ် ကြောင်း ရဲက ပြောကြားခဲ့သည်။

သံသယရှိသူ ယာမာဂါမီတက်စုယာ ကိုင်ဆောင်ပစ်ခတ်ခဲ့သည့် လက်လုပ်သေနတ်

၎င်းသည် တိပ်ဖြင့်ပတ်ထားသော သံပိုက်လုံးများဖြင့် သေနတ်အမျိုးအစားများစွာကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်း၏ နေအိမ်မှ သံပိုက်သုံးလုံးတပ်၊ ငါးလုံးတပ်၊ ခြောက်လုံးတပ် သေနတ်များကို တွေ့ရှိရသည်ဟု ရဲက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ပိုက်များထဲသို့ အွန်လိုင်းမှဝယ်ယူခဲ့သော ကျည်ဆန်များ ထည့်သွင်းခဲ့ကြောင်း သံသယရှိသူက ထွက်ဆို ခဲ့သည်။ လုပ်ကြံသတ်ဖြတ်ချိန်၌ ထိုလက်နက်များထဲမှ အထိရောက်ဆုံးနှင့် အပြင်းထန်ဆုံးလက်နက်ကို အသုံးပြု ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယုံကြည်သည်ဟု NHK သတင်းတွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့တွေက ဘယ်လိုတုံ့ပြန်ခဲ့လဲ


ပစ်ခတ်မှုဖြစ်ပွားချိန်တွင် အာဘေးသည် လာမည့် ဇူလိုင် ၁၀ ရက် အထက်လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ကိုယ်စားလှယ်လောင်းများကို ထောက်ခံပေးဖို့ ဆော်ဩသည့် မိန့်ခွန်းပြောကြားနေချိန်ဖြစ်သည်။

၎င်းသည် ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ဂျပန် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း နိုင်ငံရေးအခင်းအကျင်းတွင် သြဇာကြီးသူတစ်ဦးအဖြစ် ဆက်လက် ရပ်တည်ခဲ့ပြီး LDP ပါတီအတွက် ဆက်လက်မဲဆွယ်ပေးနေခဲ့သည်။


ဇူလိုင် ၈ ရက်၊ ပစ်ခတ်တိုက်ခိုက်မှုမတိုင်မီ လုံခြုံရေးအစီအမံများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ဂျပန် အမျိုးသားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားစဉ် နာရာခရိုင်ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်နေကြောင်း၊ ဝန်ကြီးချုပ်ဟောင်း နာရာမြို့ထဲ ရောက်ရှိလာစဉ်ကတည်းက လုံခြုံရေးအစီအမံများ ချထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာတွင် တိုကျိုမြို့တော်မှ ရဲများ ဆယ်ဂဏန်းမျှ အခြားလုံခြုံရေးဝန်ထမ်းများနှင့်အတူ တာဝန်ကျ နေကြောင်း၊ အာဘေး မိန့်ခွန်းပြောနေစဉ် ရှုထောင့်ပေါင်းစုံမှ စောင့်ကြည့်နေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား သည်ဟု NHK သတင်းကို ကိုးကားလျက် CNN က ရေးသားထားသည်။

Source: CNN