CNI International News

မော်စကို၊ ဇွန်လ ၂၈

ခရိုင်းမီးယားကျွန်းဆွယ်ကို မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ကျူးကျော် ဝင်ရောက်ခဲ့ ပါလျှင် တတိယကမ္ဘာစစ်ဆီသို့ ဦးတည်သွားမည်ဟု ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်က ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

“ခရိုင်းမီးယားဟာ ရုရှားရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဒါက အမြဲတမ်း အစိတ်အပိုင်းလို့ ဆိုလိုတာပါ။ ခရိုင်းမီးယားကို ကျူးကျော်ဖို့ ကြိုးစားမှုတိုင်းဟာ ကျနော်တို့နိုင်ငံကို စစ်ကြေညာတာပဲ ဖြစ်ပါတယ်” ဟု မက်ဗီဒက်က အာဂူမန်တီအိုင်ဖက်ခ် တီ (Argumenty i Fakty) သတင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

“ဒီလို ဝင်ရောက်တာမျိုးကို နေတိုးအဖွဲ့ဝင် တစ်နိုင်ငံက လုပ်တယ်ဆိုရင် နေတိုးတစ်ဖွဲ့လုံးနဲ့ ပဋိပက္ခဖြစ်ပြီး တတိယကမ္ဘာစစ် ဖြစ်တော့မှာ။ ကပ်ဆိုးဘေးဆိုး အပြည့်အဝ ဖြစ်ပြီပေါ့ဗျာ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 နေတိုး အင်အားစုကိုတွေ့ရစဉ်(GETTY IMAGES)

ဖင်လန်နှင့် ဆွီဒင်တို့ နေတိုး အဖွဲ့ဝင်အဖြစ် ပါဝင်လာမည်ဆိုပါက ရုရှားသည် မိမိ နယ်နိမိတ်များကို အခိုင်အခံ့ စီမံထား ကြောင်း၊ လက်တုံ့ပြန်ရေး ခြေလှမ်းများအတွက် အဆင်သင့် ပြင်ဆင်ထားမည်ဖြစ်ကြောင်း၊ ထိုအစီအမံများတွင် Iskander အသံထက်မြန်သော ဒုံးကျည်များကို ရုရှားနိုင်ငံ၏ တံခါးပေါက်တွင် တပ်ဆင်မည့် အလားအလာလည်း ပါဝင်ကြောင်း မက်ဗီဒက်က ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတဟောင်း မက်ဗီဒက်သည် ယခုအခါ ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်။

၎င်းသည် ရုရှားသမ္မတ ရာထူးကို ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Source: Reuters