CNI International News

မင့်ခ်၊ မေလ ၂၇

ယူကရိန်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဘယ်လာရုစ် တောင်ပိုင်းတွင် စစ်ဌာနချုပ် အသစ်တစ်ခု ဖွဲ့စည်းထူထောင်ရန် မေလ ၂၆ ရက်၌ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက အမိန့်ပေးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

“စစ်မျက်နှာသစ်တစ်ခု ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့ အာရုံစိုက်ဖို့ ပျက်ကွက်လို့ မရပါဘူး” ဟု စစ်ယူနီဖောင်း ဝတ်ဆင်ထားသော လူကာရှန်ကိုက ဘီလာရုစ် ကာကွယ်ရေး ထိပ်တန်းအရာရှိများကို မိန့်ခွန်း ပြောကြားနေပုံကို ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည်။

အဆိုပါ အမိန့်သစ်ကို ယမန်နှစ်က အဆိုပြုခဲ့ခြင်း ဖြစ်သော်လည်း ချက်ချင်းပြင်ဆင်ပြီး ထူထောင်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဒီစစ်ဌာနချုပ် မထူထောင်ဖြစ်ရင်တောင် ကျနော်တို့ရဲ့ တောင်ပိုင်းနယ်နမိတ် ကာကွယ်ရေးကို မြန်မြန်ဆန်ဆန်နဲ့ အပြေးအလွှားလုပ်ဖို့ ဒီကနေ့ တာဝန်ရှိလာပြီ ဖြစ်ပါတယ်” ဟု လူကာရှန်ကိုက ဆက်လက် ပြောကြားခဲ့သည်။

ဘယ်လာရုစ်နဲ့ယူကရိန်း နယ်စပ်(GETTY IMAGES)

ဘယ်လာရုစ်နိုင်ငံသည် ရုရှားနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် မဟာမိတ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်၌ ယူကရိန်းထဲသို့ ဘယ်လာရုစ် ပိုင်နက်ထဲမှ ကျူးကျော် ဝင်ရောက်နိုင်အောင် နိုင်ငံ၏ မြောက်ဘက်ခြမ်းကို တံခါးဖွင့်ပေးခဲ့သည်။

ယူကရိန်းနယ်စပ် အနီးတွင် ဘယ်လာရုစ်တပ်များ ချထားမှုအားလုံးသည် အရှေ့ဘက်ရှိ မိုင်ပေါင်းရာနှင့်ချီ၍ ဝေးကွာသော ယူကရိန်းနိုင်ငံ၊ ဒွန်ဘတ်စ်ဒေသကို ရုရှား၏ တိုက်ခိုက်မှုများအတွက် ကျောထောက်နောက်ခံ ပြုပေးလျက် ယူကရိန်းစစ်မီးကို ပိုမိုအရှိန်မြှင့်စေမည်ဖြစ်သည်။

လူကာရှန်ကိုသည် ရုရှားလုပ်ဒုံးကျည်များ၏ အခန်းကဏ္ဍကိုလည်း ထုတ်ဖော် ပြောကြားခဲ့ပြီး ယူကရိန်းနယ်စပ် တဝိုက် အထူး စစ်ဆင်ရေး တပ်ဖွဲ့များ ထပ်မံဖြန့်ကြက်ရန် စီစဉ်နေကြောင်း ယခုလ အစောပိုင်းတွင် ဘီလာရုစ်နိုင်ငံအနေဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။

Source: Reuters