CNI International News

ပေကျင်း၊မတ်လ ၁

ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) သည် ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ချီးကျူးကာ ယင်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်သူမှ တားဆီးနိုင်မည် မဟုတ်ကြောင်း၊ တရုတ်၏ အကူအညီမပါဘဲ ကမ္ဘာကြီး၏ မည်သည့် ပြဿနာကိုမှ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ပြောခဲ့သည်။

တရုတ်၏ မိုးပျံပူဖောင်းများကို ပစ်ချသည့် အမေရိကန်၏ လုပ်ရပ်သည်လည်း ရှိုးလုပ်ခြင်း ဖြစ်သည်ဟု ၎င်းက စွပ်စွဲသည်။

ယနေ့ အချိန်တွင် မည်သူမှ တရုတ်နိုင်ငံအား တားဆီးရန် သို့မဟုတ် တရုတ်နိုင်ငံ၏ တိုးတက်မှုအား ရပ်တန့်ရန် စွမ်းနိုင်မည် မဟုတ်ဟု ဘယ်လာရုစ်သမ္မတက ပြောသည်။

လူကာရှန်ကိုသည် ဘေဂျင်းမြို့သို့ မရောက်ခင် Xinhua သတင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

လူကာရှန်ကို၏ သုံးရက်ကြာ ခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေး ဆိုးရွားနေချိန်၊ ယူကရိန်းရေးအတွက် ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများ ရှိနေချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

လူကာရှန်ကို တရုတ်ကို ရောက်လာစဉ်

ယူကရိန်းအရေးတွင် တရုတ်သည် ရုရှားအား ကူညီမှုများ လုပ်ဆောင်နေသည်ဟု အမေရိကန်ဘက်က စွပ်စွဲထား သလို ထိုကူညီမှုသည် ဆိုးရွားသော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေမည်ဟု အမေရိကန်က သတိပေးထား သည်။

သို့သော် တရုတ်ဘက်က အမေရိကန်၏ စွပ်စွဲမှုသည် သိက္ခာချခြင်းသာဖြစ်ပြီး တရုတ်သည် ရုရှား-ယူကရိန်း နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေသည်ဟု တုန့်ပြန်ခဲ့သည်။

လူကာရှန်ကိုသည် ပူတင်၏ မဟာမိတ်များမှ တစ်ဦးဖြစ်ကာ ပြီးခဲ့သည့်နှစ် ရုရှားကျူးကျော်စစ် အစောပိုင်း ကာလ များတွင် ရုရှားတပ်ဖွဲ့များအား ဘယ်လာရုစ် နယ်မြေကို အသုံးပြုရန် ခွင့်ပြုပေးခဲ့သည်။

ယူကရိန်းအရေးတွင် တရုတ်အနေဖြင့် ကြားနေမူဝါဒအား လက်ကိုင်ထားသည်ဟု တရုတ်ဘက်က ပြောသော် လည်း ရုရှားနှင့်အဆုံးမရှိသော ဆက်ဆံရေးရှိကြောင်း တရုတ်က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ကို ဝေဖန်ရန်လည်း ငြင်းဆိုထားသည်။

လူကာရှန်ကိုနဲ့ ပူတင်ကိုတွေ့ရစဉ်

ဘယ်လာရုစ်သည် တရုတ်၏ ညီနောင်နိုင်ငံတစ်ခုဖြစ်ကာ လူကာရှန်ကို၏ ခရီးစဉ်ကို အနောက်အုပ်စု မီဒီယာများ က ဘက်လိုက်သော ရှုထောင့်မှ ရှုမြင်နေသည်ဟု တရုတ်နိုင်ငံပိုင် Global Times သတင်းတွင် အင်္ဂါနေ့က ဖော်ပြ သည်။

ဘက်လိုက်သော သတင်းများက ဘယ်လာရုစ်သည် ရုရှား၏ မဟာမိတ် ဖြစ်သည်ဆိုသည့် ဖော်ပြချက် အများများ ကို ဖြစ်စေကာ တရုတ်၏ လွှမ်းမိုးမှု တိုးချဲ့ခြင်းသည် စိုးရိမ်စရာ ဖြစ်စေသည်ဟု ဖော်ပြနေကြောင်းလည်း တရုတ် မီဒီယာ၏ အယ်ဒီတာအာ့ဘော်တွင် ရေးသားထားသည်။

ရုရှား-ယူကရိန်း ပဋိပက္ခတွင် အမေရိကန်နှင့် နေတိုးအဖွဲ့တို့၏ ရန်စမှုများ ပါဝင်နေသည်ဟု တရုတ်ဘက်က စွပ်စွဲထားကာ ရုရှားအပေးအရေးယူ ပိတ်ဆို့မှုများကိုလည်း ရှုတ်ချခဲ့သည်။ တရုတ်သည် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ခိုင်မာသော ဆက်ဆံရေးကို ပိုင်ဆိုင်ထားသည်။

Source: အယ်ဂျာဇီးယား