CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၆

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း မေလ ၉ ရက်နေ့က ဖောက်ခွဲ သတိပေးခဲ့ကြောင်း နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)မှ ယနေ့ (မေလ ၁၆ ရက်) ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် မတရားသော ဖိနှိပ်ချုပ်ချယ်မှုများတွင် အလိုတူပါဝင်နေခြင်း၊ ပြည်သူနှင့် အတူရပ်တည်နေသော CDM ဝန်ထမ်းများအား အမျိုးမျိုးသော ဖိအားပေးမှုများ လုပ်ဆောင်ခြင်း၊ စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုတွင် အဓိကနေရာဖြင့် ပါဝင်ဆောင် ရွက်နေခြင်း တို့ လုပ်ဆောင်နေသည်ဟု NPDF က ဆိုသည်။

NPDF က “NPDF ၏ ဒေသတွင်း လှုပ်ရှားမှု သတင်း အချက်အလက်များကို ရပ်/ကျေး စာရေး၊ အုပ်ချုပ်ရေးမှူးများမှ တဆင့် ရယူပြီး စစ်ကောင်စီသို့ ပေးပို့ခြင်း စသော လုပ်ဆောင်ချက်များကို အစဉ်တစိုက် လုပ်ဆောင်နေသောကြောင့် ဖောက်ခွဲ သတိပေးခြင်း ဖြစ်သည်”ဟု ပြောသည်။

ထို့နောက် ထိုလုပ်ဆောင်ချက်သည် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့ပြီး နောက်ထပ် Mission တစ်ခု လုပ်ဆောင်ရန် စီစဉ်ခဲ့ပါကြောင်း၊ ထို Mission ကို မိမိတပ်ဖွဲ့ လုံခြုံရေး အခြေအနေကြောင့် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ ကြောင်း NPDF က ထုတ်ပြန်ခဲ့သည်။

NPDF ၏ ထုတ်ပြန်ချက်

 

အလားတူ နာဂဒေသရှိ CCTV တပ်ထားသောဆိုင်များနှင့် အိမ်များအနေဖြင့် မိမိတို့ ဆိုင်/အိမ် ဘက်သို့ လှည့်၍ တပ်ဆင် ပေးကြရန်နှင့် လမ်းဘက်သို့ လှည့်၍ တပ်ထားသော CCTV များအား ဖြုတ်သိမ်းထားပေးပါရန် မေတ္တာရပ်ခံကြောင်း၊ လိုက် နာ ဆောင်ရွက်ခြင်းမရှိပါက နောက်ဆက်တွဲ ပြဿနာများအား ထို ဆိုင်/အိမ်များသည် တာဝန်ခံရမည်ဖြစ်ကြောင်း သတိ ပေးလိုက်သည်ဟုလည်း NPDF ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

နာဂဒေသရှိ အုပ်ချုပ်ရေးမှူးများ ဧပြီ ၃၀ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ကြရန် မတ်လ ၂၆ ရက်နေ့က NPDF မှ ထုတ်ပြန်ထားသည်။ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ချိတ်ဆက်၍ နွေဦးတော်လှန်ရေး တွင် ပါဝင်လျက်ရှိသည်။