CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၀

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအား (၁) နှစ် ယာယီရပ်ဆိုင်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က မေလ ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများနှင့် စပ်လျဉ်းပြီး စစ်ဆေးခံရန် နှစ်ကြိမ်တိုင်တိုင် ပျက်ကွက်ခဲ့ခြင်းကြောင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UEC ထုတ်ပြန်ချက်

UEC က “ပြည်ထောင်စုရွေးကောင်ပွဲကော်မရှင် (UEC) အနေဖြင့် ၂-၅-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ၏ ဆုံးဖြတ်ချက်အရ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အနေဖြင့် သတ်မှတ်ရက်အတွင်း လာရောက် စစ်ဆေးခံရန် ထပ်မံ ပျက်ကွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင် ထားခြင်းကို (၁)နှစ် ယာယီရပ်ဆိုင်းရန်နှင့် ယာယီရပ်ဆိုင်းထားသော ကာလအတွင်း ကော်မရှင်က ညွန်ကြားထားသော ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများ၊ စစ်ဆေးခံနိုင်ရေး ဆောင်ရွက်ခြင်းမှအပ ကျန်လုပ်ငန်း အားလုံးကို ရပ်ဆိုင်း ထားစေရန် ဆုံးဖြတ်ခဲ့ပါသည်” ဟု ဖော်ပြထားသည်။

ထို့အတွက်ကြောင့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ (ဂ)အရ ယနေ့မှ စ၍ (၁) နှစ် ယာယီရပ်ဆိုင်းကြောင်း၊ ထို့အတူ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများ၊ စစ်ဆေးခံနိုင်ရေး ဆောင်ရွက်ခြင်းမှအပ ကျန်လုပ်ငန်း အားလုံးကို ရပ်ဆိုင်းထားစေရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (ဃ) အရ ညွှန်ကြားလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။