CNI International News

ဂျကာတာ၊ ဧပြီ ၃၀

အင်ဒိုနီးရှားသည် ယခုကာလ၌ အဓိကစီးပွားရေးအုပ်စုနိုင်ငံ ၂၀ (G20) တွင် ဥက္ကဋ္ဌ တာဝန်ယူထားပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် G20 အစည်းအဝေးသို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးနှင့် ရုရှား ခေါင်းဆောင် ဗလာဒီမာပူတင်တို့ကို ဖိတ်ကြားခဲ့သည်။

ယူကရိန်းခေါင်းဆောင်ထံမှ လက်နက်တောင်းခံမှုကို ပယ်ချခဲ့ကြောင်း၊ လက်ရှိစစ်ပွဲ အဆုံးသတ်ဖို့ ရုရှားနှင့် ယူကရိန်းတို့ကို မိမိတိုက်တွန်းပါကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ဖော်ပြသည်။

ဂျိုကိုဝီသည် ယခုသီတင်းပတ်၌ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ယူကရိန်းနှင့်ရုရှားခေါင်းဆောင် နှစ်ဦး စလုံးနှင့် တယ်လီဖုန်းဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

“စစ်ပွဲ မကြာခင်ပြီးဆုံးနိုင်ဖို့နဲ့ စေ့စပ်ညှိနှိုင်းမှုတွေကနေတစ်ဆင့် ငြိမ်းချမ်းတဲ့နည်းလမ်းတွေ ပုံဖော်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း သူတို့ကို ကျနော်ပြောခဲ့ပါတယ်” ဟု ၎င်းက ကြေညာချက်ထဲတွင် အသိပေးခဲ့သည်။

အင်ဒိုနီးရှား၏နိုင်ငံခြားရေးမူဝါဒသည် မဟာဗျူဟာမြောက် ကြားနေလမ်းကြောင်းကို ထိန်းကျောင်းရန် ကြိုးစား နေသဖြင့် ဇာလန်းစကီး၏လက်နက်တောင်းခံမှုကို မိမိ ငြင်းပယ်ခဲ့ကြောင်း ဂျိုကိုဝီက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးပို့ရန် အဆင်သင့်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှားက ဆက်လက်ကျူးကျော်နေခြင်းကြောင့် ပူတင်ကို မဖိတ်ကြားရန် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ကဲသို့ G20 အဖွဲ့ဝင်နိုင်ငံအချို့က အင်ဒိုနီးရှားကို တိုက်တွန်းထားကြသည်။

သို့သော် ဂျိုကိုဝီက “အင်ဒိုနီးရှားက G20 ကို ပေါင်းစည်းချင်တယ်။ ပြိုကွဲအောင်တော့ မလုပ်ကြပါနဲ့” ဟု တုံ့ပြန်ခဲ့သည်။

ယူကရိန်းသည် G20 အဖွဲ့ဝင်မဟုတ်သော်လည်း G20 အဖွဲ့၏ခေတ်အဆက်ဆက်ဥက္ကဋ္ဌများက ယခင်ကလည်း ဧည့်သည်နိုင်ငံအဖြစ်ဖိတ်ကြားခဲ့ဖူးသည်။
ဘာလီကျွန်းတွင် ကျင်းပမည့် အဆိုပါထိပ်သီးအစည်းအဝေးသို့ ဇာလန်းစကီး တက်ရောက်နိုင်/မတက်ရောက် နိုင်ဆိုခြင်းမှာ “စစ်မြေပြင်အခြေအနေအပေါ် အဓိကမူတည်ကြောင်း” ယူကရိန်းအစိုးရ ထိပ်တန်းအရာရှိ တစ်ဦးဖြစ်သူ ဗိုင်ဆော့စကျီတားရက်စ် (Vysotskyi Taras) က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ယခုပွဲသို့ ပူတင်တက်ရောက်ဖို့ ဂျိုကိုဝီက မျှော်လင့်ထားသော်လည်း ရုရှားခေါင်းဆောင်တစ်ဦးအနေဖြင့် လူကိုယ်တိုင်တက်ရောက်ရေး/မတက်ရောက်ရေး မဆုံးဖြတ်ရသေးကြောင်း ကရင်မလင်သမ္မတနန်းတော်မှ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

Source: Reuters, Bangkok Post