CNI International News

သီရိနာဂါ ဧပြီ ၂၅

အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီသည် ဟိမဝန္တာဒေသ၊ ကက်ရှ်မီးယားသို့ ဧပြီ ၂၄ ရက်တွင် ရောက်ရှိခဲ့ပြီး လူထု အစည်းအဝေးပွဲ သို့ တက်ရောက်ခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ပါကစ္စတန်နှင့် အငြင်းပွားနေသော အဆိုပါဒေသအတွက် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နယူးဒေလီ အစိုးရမှ ရုပ်သိမ်းပြီးနောက် ၂၀၁၉ ခုနှစ်မှစ၍ တိုက်ရိုက် ထိန်းချုပ်ကွပ်ကဲခဲ့သည်။

အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက် အောင်မြင်မှုများအကြောင်း အလေးပေးထားသည့် မိန့်ခွန်း မပြောကြားမီ မိုဒီ သည် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုအတွက် ဥမင်လိုဏ်ခေါင်း ဖွင့်လှစ်ပေးခဲ့သည်။

ကက်ရှ်မီးယားကို ၂၀၁၉ ခုနှစ်ကတည်းက ယခင်ထက် ပိုမိုဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေးသော်လည်း ရွေးကောက်ခံ ဒေသ ဆိုင်ရာအစိုးရ မထားရှိတော့သည်မှာ ၄ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ထို့နောက် ဒေသခံပြည်သူလူထုအတွက် နိုင်ငံရေး ကတိ ကဝတ်များ မပေးနိုင်သေးကြောင်း မိုဒီက ပြောကြားခဲ့သည်။

“မိဘ အဘိုးအဘွားတွေ ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ ဒုက္ခတွေ ထပ်မကြုံစေရဘူးလို့ ဒီတောင်ကြားက လူငယ်တွေကို အာမခံ ပါရစေ” ဟု မိုဒီက ကတိပြုခဲ့သည်။

အိန္ဒိယဆန့်ကျင်ရေး စိတ်ဓာတ်များ၏ အချက်အချာဖြစ်နေသည့် ကက်ရှ်မီးယားတောင်ကြားကို ရည်ညွှန်းလျက် ၎င်းက ထိုသို့ ကတိပြုခဲ့ခြင်း ဖြစ်သည်။

ကက်ရှ်မီးယားဒေသခံများ(AP)

နှစ်စဉ်ကျင်းပနေကျ ပန်ချာရတီရက်ဂျ် (Panchayati Raj) (သို့မဟုတ်) အခြေခံလူတန်းစား ဒီမိုကရေစီနေ့ကို ဂုဏ်ပြုသည့် အခမ်းအနားတွင် အဆိုပါမိန့်ခွန်းကို မိုဒီက ပြောကြားခဲ့သည်။

ဧပြီ ၂၄ ရက်တွင် အုတ်မြစ်ချခဲ့သော လျှပ်စစ်ဓာတ်အား စီမံကိန်းများထဲမှ တစ်ခုကို ယခင်ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ၂၀၁၃ ခုနှစ်ကတည်းက အစပျိုးခဲ့သည်။

ဂျမူးမြို့အနီး ပယ်လီကျေးရွာတွင် ကျင်းပသည့် ထိုအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကို ထောင်နှင့်ချီသော ပြည်သူ များ၊ ဒေသဆိုင်ရာ ကောင်စီများမှ ရွေးကောက်ခံအစိုးရ တာဝန်ရှိသူများ တက်ရောက်နားထောင်ခဲ့ကြသည်။

ယခု မိုဒီ သွားရောက်ခဲ့သော နယ်မြေသည် ပြီးခဲ့သည့် ၃ နှစ် နီးပါးအကြာက အိန္ဒိယအစိုးရ၏ ကက်ရှ်မီးယား အုပ်ချုပ်ရေး အပြောင်းအလဲကို ယေဘုယျအားဖြင့် လက်ခံကြိုဆိုခဲ့ကြသည်။

ဒေသဆိုင်ရာကောင်စီများသည် အောက်ခြေ အုပ်ချုပ်ရေးကို ကိုယ်စားပြုသော်လည်း ကောင်စီတင်များအနေဖြင့် ဥပဒေပြုခွင့် အာဏာမရှိကြောင်း အိန္ဒိယတာဝန်ရှိသူများက ပြောကြသည်။

အိန္ဒိယစစ်သား(GETTY IMAGES)

အကြမ်းဖက်မှု မှန်သမျှကို ဟန့်တားရန်အတွက် အစိုးရတပ်ဖွဲ့များသည် ကက်ရှ်မီးယားဒေသတခွင် လက်နက်ကိုင် လှုပ်ရှားမှု များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြသည်။ ဧပြီ ၂၂ ရက်၌ ပယ်လီကျေးရွာမှ ၁၅ ကီလိုမီတာ (၉ မိုင်) ခန့်အကွာတွင် ပစ်ခတ်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ရာ စစ်သွေးကြွဟု သံသယရှိသူနှစ်ဦးနှင့် ပြည်သူ့စစ်အရာရှိတစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ စစ်သွေးကြွများသည် မိုဒီ၏ ခရီးစဉ်ကို အနှောင့်အယှက်ပေးရန် စေလွှတ်လိုက်သည့် ပါကစ္စတန်မှ အသေခံ တပ်သား များဖြစ်ကြောင်း အိန္ဒိယရဲချုပ် ဒယ်ဘတ်ဆင်း (Dilbag Singh) က စွပ်စွဲခဲ့သော်လည်း အထောက်အထား တစုံတရာ ထုတ် မပြခဲ့ပေ။

ကက်ရှ်မီးယား၏ အုပ်ချုပ်ရေး အဆင့်အတန်း ပြောင်းလဲလိုက်ပြီးနောက် ယခင်က မိုဒီ လာရောက်ခဲ့သည့် ဖြစ်စဉ်နှစ်ခုမှာ အိန္ဒိယစစ်သားများနှင့် တွေ့ဆုံခြင်း၊ ဟိန္ဒူပွဲတော်ကျင်းပရန် စစ်စခန်းများသို့ ကြည့်ရှုစစ်ဆေးခြင်းတို့ ရှိခဲ့သည်။

Source: AP