CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈

နစကဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခြင်းသည် ဆွေးနွေးညှိနှိုင်းမှုတွင် ယုံကြည်မှု ချော့မွေ့ကာ ဆက်သွယ်နိုင်မည့် လမ်းကြောင်းပွင့်သည်ဟု ယူဆကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်း ဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (၇၅)နှစ်တာ ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကို ထူးချွျွပြောင် မြောက်စွာ တာဝန်ထမ်းဆောင် နိုင်မှုများအတွက် နစကဥက္ကဋ္ဌက ဝဏ္ဏကျော်ထင်ဘွဲ့ ဂုဏ်ထူးဆောင်တံဆိပ်ကို ချီးမြှင့် ကြောင်း ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဘာမှ ထူးထူးခြားခြားကြီး လှုပ်လှုပ်ရှားရှားကြီး မဖြစ်သွားပါဘူးလို့။ သူ့ဟာသူ အထိုက်အလျောက်ပဲ ရှိပါတယ်၊ အထူးသဖြင့်တော့ ဒီလိုပေးခြင်းအားဖြင့် လာမယ့် ကျနော်တို့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပိုပြီးတော့ ယုံကြည်မှု ချောချောမွေ့မွေ့ ပြောဆိုဆက်သွယ်နိုင်တဲ့ လမ်းကြောင်း ပွင့်တယ်လို့ ယူဆတယ်ဗျ။ ဒီဟာကို အသုံးပြုပြီးတော့ တိုင်းပြည်မှာ လက်တွေ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပဋိပက္ခတွေ မီးရှို့၊ သတ်ဖြတ်၊ နှိပ်ကွပ် ဖမ်းဆီးနေတာတွေ အများ ကြီး ဖြစ်နေတော့ ဒီပြည်သူလူထုကို ကာကွယ်ပေးဖို့ သူတို့ သက်သာရာ သက်သာကြောင်း ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် ကျနော်တို့ ဒီအခွင့်အရေးကို အသုံးပြုရမယ်လို့ မြင်တယ်ဗျ” ဟု ပြောသည်။

လက်ရှိ အခွင့်အရေးကို အသုံးချတတ်ပါက တိုင်းပြည်အတွက် ကောင်းကျိုးကို ရရှိမှာဖြစ်ကြောင်း၊ အသုံးမပြုတတ်ပါက ကောင်းသည့် ရလဒ်ထွက်မှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူများ စာရင်း

ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသူများမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ALP မှ ဦးခိုင်စိုးနိုင်အောင်၊ NMSP ဥက္ကဋ္ဌဟောင်း ဦးနိုင်ထောမွန်၊ NMSP ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်၊ PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ KNU/KNLA-PC ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဌေးမောင်(ခ)စောဌေးမောင်၊ KIO(ခွဲထွက်)ဦးလဆန်အောင်ဝါ အဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ၊ KNU ဖဒိုအောင်ဆန်းအဖွဲ့မှ ဖဒိုအောင်ဆန်း၊ KNU တပ်မဟာ(၂) သံတောင် အထူး ဒေသအဖွဲ့မှ စောဖယ်ရီမိုး၊ KNU တပ်မတော်(၆) တပ်ရင်း(၁၆)မှ ဦးစောသမူဟဲတို့ ဖြစ်သည်။

RCSS မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးစရာမရှိကြောင်း RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။

ဗိုလ်မှူး စိုင်းခမ်းစံက “ကျနော်တို့ မသိရဘူးခင်ဗျ၊ သတင်းထုတ်ပြန်တဲ့ နေ့မှာသိရတာလေ၊ အွန်လိုင်းပေါ်မှာပဲ တွေ့ရတယ် ခင်ဗျ၊ တခြား အကြောင်းအရာတွေ မသိရဘူးခင်ဗျ၊ သူတို့ ထုတ်ပြန်မှ ကျနော်တို့ သိရတယ်ခင်ဗျ၊ ကျနော်တို့လည်း ဘာမှ မှတ်ချက်ပေးစရာ မရှိဘူးခင်ဗျ၊ သူတို့ဟာသူတို့ ထုတ်ပြီးတော့မှ ထုတ်ပြီးတဲ့ နောက်ပိုင်းမှ ကျနော်တို့ သိတာလေ” ဟု ပြော သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်က လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘွဲ့၊ တံဆိပ်များကို ချီးမြှင့်လျက်ရှိကြောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့မှာ အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ဆောင် ရွက် ခြင်းအတွက် ချီးမြှင့်ကြောင်း သိရသည်။