CNI International News

ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၂၃

သိမ်းပိုက်ခံထားရသော ဂျော်ဒန်မြစ်၏ အနောက်ဘက်ကမ်းတွင် အသက် ၁၄ နှစ်အရွယ်ရှိ အမျိုးသားငယ်တစ်ဦးကို အစ္စရေး တပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၂ ရက်တွင် သတ်ဖြတ်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

ဘက်သလီဟင် နယ်မြေအတွင်း အသက် ၁၄ နှစ်ရှိ မိုဟာမက်ရှီဟာဒက်သည် အစ္စရေးတပ်ဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် သေဆုံးသွားခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်ရန်လည်း တိုက်တွန်းထားသည်။

မိုဟာမက်ရှီဟာဒက်ကို အစ္စရေးတပ်ဖွဲ့ဝင်များ မဖမ်းဆီးမီကပင် ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်များက ၎င်းကို လူနာတင် ယာဉ်ပေါ် မရောက်အောင် ၎င်းတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်း ဒေသခံ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် အာမက်စလက်၏ ပြောကြားချက်ကို ကိုးကားလျက် ပါလက်စတိုင်း ဝါဖာသတင်းဌာနက ဖော်ပြသည်။

အဆိုပါ ပါလက်စတိုင်းတစ်ဦး သေဆုံးမှုကို အစ္စရေးစစ်တပ်က အတည်ပြုခဲ့ပြီး သေဆုံးသူသည် ဖြတ်သန်းမောင်းနှင်လျက် ရှိသော မော်တော်ယာဉ်များမှ ယာဉ်မောင်းများကို မိုလိုတော့ဗ် (Molotov) ဓါတ်ဆီပုလင်း(မီးလောင်ဗုံး)နှင့် ပစ်ပေါက်ခဲ့ခြင်း ဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့ကြောင်း၊ သံသယရှိသူ ၃ ဦးအနက် ၎င်းလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ထိုတပ်ဖွဲ့ဝင်များသည် ယခင်လကလည်း ဓါတ်ဆီပုလင်း စသည့် မီးလောင်ဗုံးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံရသော အရပ်သားယာဉ် အများအပြားကို အယ်လ်ခါဒါနယ်မြေတွင် အကြမ်းဖက်မှု တန်ပြန်ရေးအဖြစ် ရှင်းလင်းနေခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆက်လက် ပြောကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့ကိုတွေ့ရစဉ်(GETTY IMAGES)

“ဖြတ်သွားတဲ့ယာဉ်တွေဆီကို မီးလောင်ဗုံးနဲ့ ပစ်ပေါက်တယ်လို့ သံသယရှိတဲ့သူတွေထဲက တစ်ယောက်ကို ရပ်တန့်ဖို့ ကျနော်တို့တပ်ဖွဲ့ဝင်တွေက လှမ်းပစ်တာပါ။ အဲဒီမှာ သံသယရှိတဲ့သူတစ်ဦးကို ထိသွားပါတယ်” ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

မိမိတို့ တပ်ဖွဲ့ဝင်များက မိုဟာမက်ရှီဟာဒက် မသေဆုံးမီ ရှေးဦးသူနာပြုနည်းဖြင့် ကုသပေးခဲ့သော်လည်း သေဆုံးသွားခဲ့ ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

အနောက်ဘက်ကမ်းရှိ နာဘီစလက်တွင် အစ္စရေးတပ်ဖွဲ့ဝင်များ ပစ်သတ်ခံရသည့် အခြားဆယ်ကျော်သက် ၁၉ နှစ်အရွယ် နီဟက်အာမင်ဘာဂွါတီကို သေဆုံးပြီး ရက်ပိုင်းအကြာ ယခု ၁၄ နှစ်အရွယ် သေဆုံးမှု ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယင်းသို့ ပစ်ခတ်သတ်ဖြတ်ရန် အင်အား အလွန်အကျွံ အသုံးပြုသည့် မူဝါဒအဖြစ် ၎င်းတို့ရှုမြင်ကြောင်း ပါလက်စတိုင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချခဲ့သည့်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။

ယမန်နှစ်က အနောက်ဘက်ကမ်းတွင် အစ္စရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် ပါလက်စတိုင်းလူမျိုး ၇၇ ဦး သေဆုံးခဲ့ ကြောင်း မှတ်တမ်းတင်ခဲ့သည်ဟု အစ္စရေးလူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သော B’Tselem က ထုတ်ပြန်ခဲ့သည်။

အဆိုပါ သေဆုံးသူများ၏ ထက်ဝက်ကျော်မှာ မည်သည့်တိုက်ခိုက်မှုတွင် ကျူးလွန်ပါဝင်သူများ မဟုတ်ကြောင်း ယင်းထုတ် ပြန်ချက်၌ ဆက်လက် ဖော်ပြသည်။

၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း အာရပ်-အစ္စရေး ၆ ရက်ပွဲစစ်ပွဲအပြီးတွင် အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်တို့ကို အစ္စရေးက သိမ်းပိုက်ခဲ့သည်။

Source: Aljazeera