CNI International News

ပြုံယမ်း၊ ဇန်နဝါရီ ၂၈

Covid-19 ကပ်ရောဂါကြောင့် Lockdown ချ၍ တင်းကျပ်စွာပိတ်ဆို့ခဲ့မှု ၂ နှစ်တာ ကြာမြင့်ခဲ့ပြီးနောက် မြောက်ကိုရီးယား သည် ယခုနောက်ဆုံးအခြေအနေ၌ တဖြည်းဖြည်း ပြန်လည် ဖွင့်လှစ်နေပြီဖြစ်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရ သည်။

မြောက်ကိုရီးယား၏ အကြိုသဘော ပြန်လည်ဖွင့်လှစ်သည့်အနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံသို့ ၎င်းထံမှ ကုန်စည်ပို့ဆောင်မှု တဖန်စတင်ခြင်းကို တွေ့ရသည်။

သို့သော် ဇန်နဝါရီ ၂၇ ရက်က ၎င်း၏ သံသယဖြစ်ဖွယ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့ပြီး လက်နက်စမ်းသပ်မှုများစွာ လုပ်ဆောင်နေသော ပြုံယမ်းသည် အမေရိကတိုက်အထိ ပစ်ခတ်ဖျက်ဆီးနိုင်စွမ်းရှိသော တာဝေးပစ်ဒုံးကျည်များနှင့် နျူးကလီးယား လက်နက်များကို ပြန်လည် စတင်မည်ဟုလည်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားဘက်မှ ခန့်မှန်းတွက်ချက်မှုများအရ မြောက်ကိုရီးယား၏ အရေးပါသော ကုန်သွယ်ရေးမှုမှာ တရုတ်နှင့်ဖြစ် ပြီး နယ်စပ်ဂိတ်များ ပိတ်ထားခဲ့ရ၍ ၂၀၂၀ ပြည့်နှစ်၌ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ၈၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၏ ပထမ ၉ လတွင်လည်း သုံးပုံနှစ်ပုံခန့် ထပ်မံကျဆင်းခဲ့ကြောင်း သိရသည်။

မြောက်ကိုးယားနိုင်ငံ၌ ကာကွယ်ဆေး ထိုးနှံရေး လှုံ့ဆော်မှုများ တစ်နှစ်တာ နှောင့်နှေးခဲ့ပြီးနောက် ကာကွယ်ဆေး လက်ခံ ရန်နှင့် ကပ်ရောဂါ စီမံထိန်းချုပ်ရေး အစီအစဉ်များအပေါ် မေးခွန်းထုတ်စရာရှိနေချိန် ယခုကဲ့သို့ နယ်စပ်များ တစိတ်တပိုင်း ပြန်ဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။

ယာလုမြစ်ကူးတံတားကိုတွေ့ရစဉ်(AP)

“မြောက်ကိုရီးယားဟာ Covid-19 စစ်ပွဲမှာ ကမ္ဘာပေါ် နောက်ဆုံး စစ်မြေပြင်ဖြစ်လာနိုင်တယ်။ အာဖရိကတိုက်က အဆင်းရဲ ဆုံး နိုင်ငံတွေတောင် ပြည်ပအကူအညီနဲ့ ကာကွယ်ဆေး (ဒါမှမဟုတ်) ရောဂါပိုး ကူးစက်ခံရမှု ကနေတဆင့် ခုခံနိုင်စွမ်းရထား ပေမယ့် အဲဒီလို အစီအစဉ်တွေ လုံးဝမရှိတဲ့ နိုင်ငံဆိုလို့ မြောက်ကိုရီးယား တစ်နိုင်ငံတည်းပဲ ကျန်တယ်” ဟု ဆိုးလ်မြို့၊ အမျိုးသားလုံခြုံရေးမဟာဗျူဟာသိပ္ပံမှ လေ့လာသုံးသပ်သူ လျင်စိုးဟိုက ပြောသည်။

အဆိုပါ မဟာဗျူဟာသိပ္ပံသည် တောင်ကိုရီးယား၏ အဓိက ထောက်လှမ်းရေး လုပ်ငန်းများ ဦးစီးနေသည့် ပညာရှင်အဖွဲ့ ဖြစ်သည်။

စီးပွားရေးလုပ်ငန်းသုံး ဂြိုဟ်တုသတင်း ဓါတ်ပုံများအရ ယခင်သီတင်းပတ်၌ ယာလု (Yalu) မြစ်ကူးတံတားကို ဖြတ်သန်း ခုတ် မောင်းလာသော မြောက်ကိုရီးယား ကုန်တင်ရထားသည် တရုတ်နိုင်ငံအတွင်းမှ ပြန်လာခဲ့ပြီး နယ်စပ်မြို့ဖြစ်သော အူအီခီ (Uiju) ရှိ လေယာဉ်ကွင်းတစ်ကွင်းတွင် ကုန်တင်ခဲ့ကြောင်း မြောက်ကိုရီးယားအရေး စူးစမ်းနေသော 38 North အမည်ရှိ ဝက်ဘ်ဆိုက်က ဖော်ပြ သည်။

အဆိုပါလေယာဉ်ကွင်း၌ ကုန်တင်ရထားသည် မြောက်ကိုရီးယားထံမှ သွင်းကုန်များကို အစားအသောက်နှင့်ဆေးဝါးဟု ယူဆ ရသော (တရုတ်)ကုန်စည်များနှင့် လဲလှယ်တင်ဆောင်ပြီး ပြန်လည် ခုတ်မောင်းလာကြောင်း ခန့်မှန်းထားသည်။

ကပ်ရောဂါ ထိန်းချုပ်မှုများ ဆက်လက်ချထားချိန်တွင် နယ်စပ်မြို့များအကြား ကုန်သွယ်ရေးကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ဖြစ်သည်။ သို့သော် မြောက်ကိုရီးယား သည် ၎င်း၏ အသက်သွေးကြောဖြစ်သည့် တရုတ်နှင့်မြေယာဆိုင်ရာ ကုန်သွယ်ရေးကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ခြင်း ရှိ/မရှိ လတ်တလော မသိရသေးကြောင်း တောင်ကိုရီးယားအစိုးရဘက်မှ ပြောကြားခဲ့သည်။

Source: AP