ဖနွမ်ပင်၊ ဇန်နဝါရီ ၂၂

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ၎င်း၏မကြာသေးမီက မြန်မာခရီးစဉ်သည် “သစ်ပင်များကို ခုတ်လှဲခြင်းမဟုတ်ဘဲ စိုက်ပျိုးခြင်း” ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းခရီးစဉ်အပေါ် သံတမန်ရေးရာ လိမ္မာပါးနပ်မှုမရှိဘဲ မှတ်ချက်ပေးခဲ့သည့် မလေးရှားနိုင်ငံ၏ ထိပ်တန်းသံတမန်ကို ပြစ်တင်ဝေဖန်လိုက်ကြောင်း ဖနွမ်ပင်ပို့စ်ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

ဟွန်ဆန်သည် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ၃၅ မိနစ်ကြာ တယ်လီဖုန်းမှ တဆင့် ဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ၎င်း၏တရားဝင် Facebook စာမျက်နှာတွင် ရေးသားလွှင့်တင်ခဲ့သည့်အတိုင်း မြန်မာနိုင်ငံအရေးကိစ္စအပေါ် သဘောထားမှတ်ချက်ပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မသမာမှုများရှိနေသည်ဆို၍ အရပ်သားဦးဆောင်သောအစိုးရကို တပ်မတော်က ဖြုတ်ချခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခဲ့သည်။

အာဆီယံဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယား စတင်တာဝန်ယူခဲ့သည့် ဇန်နဝါရီလအတွင်း ဒုတိယအကြိမ် ဖုန်းခေါ်ဆိုမှုအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် မလေးရှားသမ္မတတို့ ဆွေးနွေးခဲ့ကြရာ ၎င်းတို့နှစ်ဦးစလုံးသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲ ပဋိပက္ခများနှင့်ပတ်သက်၍ မလွှဲမရှောင်သာ ပါဝင်ပတ်သက်နေကြရသည်။

ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ သမ္မတဂျိုကိုဝီဒိုဒိုကိုတွေ့ရစဉ်။

Facebook တွင် လွှင့်တင်ထားသော post အရ ဟွန်ဆန်က ၎င်း၏ခရီးစဉ်အပေါ် ဝေဖန်မှတ်ချက် ပေးသူများကို “တစ်ရက်၊ နှစ်ရက်စောပြီး စိုက်ထားတဲ့သစ်ပင်ကနေ အသီးအပွင့်ရနိုင်မယ်လို့ ထင်နေကြတဲ့လူတွေ”ဟု ခိုင်းနှိုင်း၍ တုံ့ပြန်ခဲ့သည်။

ဟွန်ဆန်၏ မြန်မာခရီးစဉ် မစတင်မီမှာ ဟွန်ဆန်အနေဖြင့် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တိုင်ပင်ခဲ့ခြင်း မရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာဖူဒင်အဗ္ဗဒူလာက မကြာသေးမီက မှတ်ချက်ချ ပြောကြားခဲ့သည်။

ဂျိုကိုဝီနှင့် ဖုန်းပြောစဉ် ဟွန်ဆန်က “မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာဖူဒင်၏ မှတ်ချက်စကားသည် အာဆီယံဘောင် အတွင်း မဝင်သည့် စကားဖြစ်သည်ဟု မိမိက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာစူဒီကို ပြောခဲ့ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

“ဆာဖူဒင်အနေနဲ့ အာဆီယံခေါင်းဆောင်ဖြစ်တဲ့ အာဆီယံဥက္ကဋ္ဌဆီကို ဒီလို မဆီလျော်တဲ့ မှတ်ချက်ပေးတာမျိုး မလုပ်ပါနဲ့။ ဒါဟာ သံတမန်ဘာသာစကားနဲ့ မကိုက်ညီဘူး” ဟု ဟွန်ဆန်က တုံ့ပြန်ခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုတွေ့ရစဉ်။

ဟွန်ဆန်က ၎င်းခရီးစဉ်သည် နှစ်ရက်သာ ကြာမြင့်ခဲ့သော်လည်း တိုက်ရိုက်နှင့်သွယ်ဝိုက်သော နည်းလမ်းအားဖြင့် ထင်သာ မြင်သာသော ရလဒ်အချို့ ရရှိခဲ့ကြောင်း၊ အခြားပမာဏ ခြေလှမ်းများအဖြစ် အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် အပစ်အခတ် ရပ်စဲရေး တိုးမြှင့်လုပ်ဆောင်ရန်တို့ ပါရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဟွန်ဆန်၏ ကြိုးပမ်းအားထုတ်မှုများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်းကို အသိအမှတ်ပြုသော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံ၏သဘောတူညီမှု အချက် ၅ ချက်ကို ပေါင်းစပ် အကောင် အထည်ဖော်ရေး ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက် တည်ရှိနေကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အလေးပေးပြောကြားခဲ့သည်။

အဆိုပါ နှစ်နိုင်ငံ ခေါင်းဆောင်များသည် လာမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် မြန်မာနိုင်ငံ အကျပ် အတည်းကို ဆက်လက် အဖြေရှာကြရန် တွန်းအားပေးကြမည်ဟု အသီးသီး ကတိပြုခဲ့သည်။

Source: Phnompenh Post