CNI International News
ကိယက်ဗ်၊ ဇူလိုင် ၉
ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ ဒရုန်းများဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် အီလွန်မတ်စ် (Elon Musk) ၏ Starlink ဂြိုဟ်တု အင်တာနက်စနစ်ကို နှောင့်ယှက်နိုင်မည့် စွမ်းအားမြင့် ဂျမ်မာစနစ်များကို တပ်ဆင်ရန် ကြိုးပမ်း နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ယူကရိန်းသည် ရှေ့တန်း စစ်မျက်နှာပြင်နှင့် ကီလိုမီတာများစွာ ဝေးကွာသည့် ရုရှား၏ နောက်တန်းမှ ပစ်မှတ်များ ကို ကုန်ကျစရိတ် သက်သာစွာနှင့် တိကျစွာ ပစ်ခတ်နိုင်ရန် Starlink စနစ်ကို အသုံးပြုလေ့ရှိသည်။
ယူကရိန်းသည် ယခုနှစ်အတွင်း ရုရှား၏ နောက်တန်း နေရာများကို တိုက်ခိုက်သည့် စစ်ဗျူဟာကို လုပ်ဆောင် လာခဲ့ပြီး ရုရှားတပ်ဖွဲ့များ၏ ထောက်ပို့လမ်းကြောင်းများ၊ လောင်စာဆီ သိုလှောင်ရုံများ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်များနှင့် ကွပ်ကဲမှု ဌာနချုပ်များကို တိုက်ခိုက်ခဲ့သည်။
သို့သော် ရုရှားနိုင်ငံသည် လက်ရှိတွင် ယူကရိန်း၏ စစ်ဗျူဟာကို တွန်းလှန်ရန် နည်းလမ်းများ ဖော်ဆောင်နေပြီ ဖြစ်ကြောင်း ယူကရိန်းတောင်ပိုင်း ဇာပိုရီရှား (Zaporizhzhia) ဒေသ၌ တာဝန်ထမ်းဆောင်နေသည့် အမှတ် ၄၂၂ ဒရုန်းတပ်ရင်းမှ ဒရုန်းတပ်မှူးများက ပြောကြားခဲ့သည်။

ယူကရိန်းဒရုန်းတပ်ဖွဲ့ကိုတွေ့ရစဉ်
ရုရှားသည် လောင်စာဆီနှင့် အခြား စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို ကာကွယ်ရန်အတွက် သယ်ယူ ပို့ဆောင်ရေး ပစ္စည်းများအား စစ်ဘက်သုံး မော်တော်ယာဉ်များဖြင့် သယ်ဆောင်ခြင်း မပြုဘဲ အရပ်ဘက်သုံး မော်တော်ယာဉ်များဖြင့် သယ်ဆောင်နေကြောင်း၊ ထို့နောက် ရုပ်ဖျက်ခြင်း၊ ဒရုန်းမောင်းနှင်ရာတွင် အသုံးပြုသည့် ချိတ်ဆက်မှု ကွန်ရက်များကို ဖြတ်တောက်ရန် အီလက်ထရွန်နစ် နှောင့်ယှက်ရေး ကိရိယာများကို အသုံးပြုခြင်း အစရှိသည့် နည်းလမ်းများကို အသုံးပြုလာကြောင်း ယူကရိန်းဒရုန်းတပ်မှူးများက ပြောသည်။
ရုရှားသည် မြို့ကြီးများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ အနီးတွင် ဒရုန်းများကို နှောင့်ယှက်သည့် ဂျမ်မာ (Jammer) များ တပ်ဆင်ထားပြီး၊ ဂျမ်မာ အချို့သည် အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီက လုပ်ဆောင်နေသည့် Starlink အင်တာနက် စနစ်များကိုပါ နှောင့်ယှက် ဖျက်ဆီးနိုင်စွမ်းရှိကြောင်း ယူကရိန်းဒရုန်းတပ်မှူးများက ပြောကြားခဲ့သည်။
ယူကရိန်းသည် ရုရှား၏ စစ်မြေပြင် နောက်တန်းအား တိုက်ခိုက်သည့်မစ်ရှင် အများစုကို Starlink စနစ်အား အသုံးပြုပြီး လုပ်ဆောင်နေခြင်းဖြစ်သလို Starlink စနစ်သည် ဒရုန်းမောင်းနှင်သူနှင့် ဒရုန်းကြား အဝေးမှ ဆက်သွယ်နိုင်စေရန် အထောက်အကူ ပြုပေးနိုင်သည့်အပြင် Jammer များဖြင့် နှောင့်ယှက်မှုကိုလည်း အတိုင်း အတာ တစ်ခုအထိ ခံနိုင်ရည်ရှိသည်ဟု ယူဆထားကြသည်။

ယူကရိန်းဒရုန်းတပ်ဖွဲ့ကိုတွေ့ရစဉ်
လက်ရှိတွင် ရုရှားသည် Volna Kupol Garant ဟု အမည်ပေးထားသည့် နှောင့်ယှက်ရေးစနစ် တစ်ခုကို ဖြန့်ကြက် ချထားကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဆာဟီ ဘက်စ်ခရက်စ်နော့ဗ် (Serhii Beskrestnov) က ပြောကြားခဲ့သည်။
ထိုစနစ်သည် စတုရန်း ကီလိုမီတာ ၂၀ (၇ ဒသမ ၇ စတုရန်းမိုင်) ခန့်ရှိသော ဧရိယာအတွင်း Starlink ချိတ်ဆက်မှု အား မတည်မငြိမ် ဖြစ်သွားစေနိုင်လောက်အောင် ပြင်းထန်သည့် လှိုင်းကို ထုတ်လွှတ် နိုင်စွမ်းရှိကြောင်း ဘက်စ်ခရက်စ်နော့ဗ်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
