CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ဦးဆောင်သူ ဒေါ်ညွန့်ရီ၊ ဦးဝင်း ဇော် အပါအဝင် နမ့်မီးလောင်ကျေးရွာမှ ဒေသခံ ရှမ်းနီလူမျိုး အများအပြားကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် ဖမ်းဆီးသွားခဲ့သည်။
KIA သည် အင်းတော်ကြီးဒေသရှိ ရှမ်းနီတိုင်းရင်းသားများကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခြင်း၊ လူသစ်စု ဆောင်းခြင်း၊ ပိုက်ဆံတောင်းခံခြင်းများ ပြုလုပ်လေ့ရှိသလို ရိုက်နှက်နှိမ့်စက်မှုများလည်း ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
အင်းတော်ကြီးဒေသခံက “အခု ဒေါ်ညွန့်ရီနဲ့ ကိုဝင်းဇော်ကို ဘာလို့ ဖမ်းသွားလဲမသိရဘူး။ ပြီးတော့ နမ့်မီးလောင် ရွာက ဒေသခံတွေကိုလည်း ဖမ်းသွားတယ်။ အကြောင်းပြချက်က ဘာမှန်းကို မသိရဘူး။ KIA က ရှမ်းနီတွေကို အနိုင်ကျင့် ဖမ်းဆီး နှိမ့်စက်တာ ရှေးယခင်ကတည်းကနေ အခုချိန်ထိ ဖြစ်နေတုန်းပဲ။ အခုလိုတွေ လုပ်နေတာက လူမျိုးရေး ပဋိပက္ခဖြစ်အောင် တွန်းပို့နေသလိုပဲ။ KIA က အခု ရှမ်းနီတွေကို ဖမ်းသလို SNA ကလည်း ကချင်တွေ ကို ဖမ်းမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် သက်ဆိုင်ရာ လူကြီးတွေက ဒီအခြေအနေကို ထိထိရောက် ရောက် ဖြေရှင်းပေးဖို့လိုပါတယ်”ဟု ပြောသည်။

KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လကို တွေ့ရစဉ်
လက်ရှိတွင် KIA ဖမ်းဆီးသွားသည့် ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဒေါ်ညွန့်ရီ၊ ဦးဝင်းဇော်နှင့် နမ့်မီးလောင်ကျေးရွာမှ ဒေသခံ အများအပြားကို ညောင်ပင်အချုပ်မှာ ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
KIA သည် ၂၀၂၅ ခုနှစ်၊ ဇွန်လတုန်းကလည်း အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီရိုးရာစာပေနှင့် ယဥ်ကျေးမှု ကော်မတီဥက္ကဋ္ဌ စိုင်းစိန်လွင်ဦးနှင့် ကုန်းမနရွာသားများကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များလည်း ရှိသည်။
တခြားတစ်ဖက်မှာလည်း ဖားကန့်ဒေသ ဝှေ့ခါရွာဘက်မှာ KIA သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇ ရက်က အရက်သေစာ သောက်စားပြီး အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့သေးသည်။
