CNI News

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ရရှိလာသော သဘော တူညီချက်များကို အကောင်အထည် ဖော်ဆောင်မှု အပိုင်းမှာ အားနည်းနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ အခင်းအကျင်းအရ အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် အသိ အမှတ်ပြုရန် တွန့်ဆုတ်နေခြင်းသည်လည်း စစ်ပွဲများ ကြာရှည်နေနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သည်ကိုသာ ‌တောင်းဆိုရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်သည့် အခါတွင် အဓိကအားဖြင့် လက်တွေ့ အကောင်အထည် ဖော်ဆောင်မှု ကဏ္ဍများ၌ အားနည်းမှုများ ရှိနေကြောင်း၊ အကောင်အထည် မဖော်သည့်ကာလ ပတ်လုံး တိုင်းရင်းသားအဖွဲ့အစည်းများဘက်မှ နားလည်မှုများ လွဲလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ‌အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။ 

NSPNC နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံ ဆွေးနွေးကြစဉ်

၎င်းက “အဓိက,ကတော့ အကောင်အထည် ဖော်မှုပိုင်းမှာတော့ အားနည်းတယ်လို့ပဲ ပြောရမှာပေါ့နော်။ အားနည်း တယ်လို့ ပြောရမှာက ချမှတ်လိုက်တဲ့ အရာတွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် မြေပြင်ပေါ်မှာ ယုံကြည်မှု တည်ဆောက်ဖို့ အရေးမှာ ဆိုပါတော့ အခုဟာက ပထမဆုံး ငြိမ်းချမ်းရေးမှာ သူက အပစ်အခတ်ရပ်စဲရေး ကိစ္စရှိ တယ်။ မူဘောင် သဘောတူညီချက်ရှိတယ် မူဘောင်တွေ ရှာတာနဲ့တင် ပြီးနေတာ အဲဒါကိုက အဲဒီဘောင်ထဲက မထွက်နိုင်ဘူး။ လုပ်ရမယ့် အလုပ်ပေါ့နော် ရသမျှ ဥစ္စာကို အကောင်အထည်ဖော်ဖို့ အဲဒါလိုတယ်။ ရသမျှ ဥစ္စာကို စပြီးအကောင်အထည်ဖော်ဖို့ လိုတယ်ပေါ့နော်၊ အဲဒါကို အဓိက သွားကြတယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်က လူတွေကလည်း အစိုးရဘက်က ဒါကို ဆွေးနွေးတာနဲ့ပဲ လုပ်နေလို့ရှိရင် အကောင်အထည် မဖော်တဲ့ ကာလပတ်လုံး သူတို့က နားလည်မှု လွဲနိုင်တယ်လေနော်၊ နားလည်မှုလွဲနိုင်တယ်ပေါ့။ ဥပမာ အစိုးရကတော့ တကယ့်ကို ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိမယ် အကောင်အထည်ဖော်တဲ့အခါမှာ ဖြစ်နေတာ တွေက ဘာတွေလဲပေါ့၊ ကြိုးနီစနစ်တွေလား အဓိက,က။ အဆင့်ဆင့် အမိန့်နာခံနေရတာလား ဒါတွေက ကြာနေ တာလား။ နောက်တစ်ခုကတော့ Over‌ all command က အကောင်အထည်ဖော်တာက တစ်ယောက်၊ နယ်မြေခံ အာဏာပိုင်ဆိုတာက တစ်ယောက် ဆိုတာမျိုးက နဝတ၊ နယက ခေတ်မှာက ဖြစ်ဖူးတယ်။ ဝန်ကြီးဌာနတွေက လုပ်တယ်ဆိုလို့ ရှိရင်လည်းပဲ တိုင်းမှူးက နယက ကောင်စီဝန်ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ တိုင်းမှူးက ငါ့တိုင်း ငါ့သဘောပဲဆို ဘယ်လိုလုပ်မလဲ။ ဒီလိုဟာမျိုး ဖြစ်ခဲ့ဖူးတဲ့ဟာတွေလည်း ရှိခဲ့ဖူးတယ်ပေါ့နော်။ ဒါကြောင့် ဒီနေရာ တွေမှာ အကောင်အထည်ဖော်တဲ့ နေရာမှာတော့ အဲဒါလေးတွေ လိုတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

မြန်မာ့ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဆောင်ရွက်ရာ တွင် ကြိုးနီစနစ်သည် အလွန်ရှုပ်ထွေးသော စာရွက်စာတမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အဆင့်ဆင့် တင်ပြ ခွင့်ပြု ချက် ယူရမှုများသည် ဆွေးနွေးမှုများကို နှောင့်နှေးကြန့်ကြာစေပြီး နှစ်ဦးနှစ်ဖက် ယုံကြည်မှုကို ထိခိုက်စေနိုင်သည် ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် လက်ရှိသဘောတူညီမှု ရရှိပြီးသား ကိစ္စရပ်များကို စတင် အကောင် အထည် ဖော်ပေးလိုက်ခြင်းသည် အမှန်ဆုံးဖြစ်လိမ့်မည်ဟု ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။ 

NCA ထိုးထားတဲ့လက်နက်ကိုင်တွေနဲ့ NSPNC တွေ့ဆုံဆွေးနွေးကြစဉ်

၎င်းက “အထူးသဖြင့်တော့ ပထမ‌ဦးဆုံးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပေးထားတဲ့သမျှ‌တွေကို လုပ်ပေး လိုက်တယ်ဆိုရင် သဘောတူညီချက်တွေက အဲဒါတွေက အကောင်အထည်ဖော်ခြင်း မဖော်ခြင်းက နောက်က အသာထားပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လက်ရှိ ရရှိပြီးသား ဥစ္စာတွေကို စအကောင်အထည်ပေးလိုက်တာ ဖော်ပေးလိုက်တာက အမှန်ဆုံးဖြစ်မယ်။ အထူးသဖြင့် အခြေခံပညာရေးကို တိုင်းဒေသကြီးလျောက်ကို ပေးထား တယ်ဆိုရင် တိုင်းဒေသကြီးအစိုးရတွေက ဒါနဲ့ပတ်သက်တဲ့ သီးခြား Body ရှိရမယ် ပညာရေးကိုလည်း သီးခြား Body ထားရမယ်။ ဗဟိုမှာရှိတဲ့ ဝန်ကြီးဌာနနဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့ အောက်မှာ မဟုတ်ဘဲနဲ့ ခွဲထုတ်လိုက်တာ မျိုး အဲဒါမျိုး ဆောင်ရွက်ပေးရမယ်။ အဲဒါမျိုး ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေအတိုင်း လိုက်လုပ်မှ အပစ်အခတ်ရပ်စဲရေး ဘာညာမှာရှိတဲ့ သဘောတူညီချက်က ရတာတွေက အကောင်အထည်ဖော်ခြင်း မဖော်ခြင်းက နောက်က အသာ ထား၊ အစိုးရနဲ့ ဆန္ဒရှိမှုကို ဖော်ထုတ်ရာရောက်တယ်။ ဒါမှလည်း တိုင်းရင်းသားတွေက အသိအမှတ်ပြုမယ်။ အဓိက,ကတော့ Constitution မှာ ပါထားတဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို အရင်ဆုံးပေးဖို့ပဲ” ဟု ပြောသည်။ 

တန်းတူညီမျှမှု မရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပဋိပက္ခ များ ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းများ ဖြစ်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများနှင့် လူမျိုးစု ပဋိပက္ခများ ပြေလည် စေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက် ပြီး တိတိကျကျ ထည့်သွင်း‌ပေးသင့်သည်ဟု စစ်ရေးနှင့် နိုင်ငံ‌ရေးအကဲခတ်များက ထောက်ပြနေကြသည်။

လက်ရှိတွင် အစိုးရ-တပ်မတော်နှင့် လက်နက်ကိုင်များကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) အပါအဝင် ပြည်နယ်-ပြည်ထောင်စုအဆင့် Bilateral စာချုပ်များ ရေးထိုးထားကြသော်လည်း အကောင်အထည်ဖော်မှုပိုင်းများ အားနည်းကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဟန့်အတားများဖြင့် ရင်ဆိုင်နေကြ ရသည်။