၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်ရှိ မြောက်ဦးဒေသအား ကမ္ဘာ့ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ် (UNESCO) စာရင်း ဝင်ရောက်နိုင်ရေး အဆိုပြုလွှာမူချော တင်သွင်းထားပြီးဖြစ်သော်လည်း လက်ရှိအချိန်ထိ အကြောင်းမပြန်သေးကြောင်း သိရသည်။

ထိုအဆိုပြုလွှာ မူချောအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့ကတည်းက ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ရုံးချုပ်ထံသို့ တင်သွင်း ထားခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြားရေးမှူး ဦးကြည်ခင်က “သူတို့လက်ခံရရှိကြောင်းတော့ မပြန်သေးပါဘူး။ ကျနော်တို့က တင်တာပဲ ရှိသေးတယ်။ last date  ကုန်မှာက ဇန်နဝါရီလကုန်မှာ ကုန်မှာ။ ကျနော်တို့က ပြီးတာနဲ့ တစ်လကြိုတင်လိုက်တာ။ ပြင်သစ်ကို ရောက်သွား ပါပြီ။ သူတို့လက်ခံ ရောက်ရှိကြောင်းဆိုတာ ပြန်ရပါဦးမယ်။ အဲ့လိုပြန်ပြီးတော့မှ ကမ္ဘာ့အမွေအနှစ်ပွဲက သုံးသပ်မှာပါ။ မျှော် မှန်းထားတာကတော့ ရချင်တာပေါ့ဗျာ”ဟု ပြောသည်။

UNESCO မှလက်ခံရရှိကြောင်း အကြောင်းပြန်ပါက ဩဂုတ်နှင့် စက်တင်ဘာလလောက်တွင် သက်ဆိုင်ရာပညာရှင်များ သည် မြောက်ဦးယဉ်ကျေးမှုဒေသသို့ တရားဝင် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း၊ ထိုနောက်  ၂၀၂၃ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီက အစည်းအဝေးပြုလုပ်၍ UNESCO ဝင်၊ မဝင်ကို ဆုံးဖြတ်ပေးမှာ ဖြစ်သည်။

မြောက်ဦးဒေသက ဘုရားများ။

မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက “တရားမဝင်ပဲနဲ့တော့ ရှေ့က သူတို့ ဟာ သူတို့ လာပြီးတော့မှ စစ်ဆေး၊ ဘယ်သူ့မှမပြောပဲနဲ့ တိတ်တိတ်လေး လာကြည့်ဦးမယ်။ ကြည့်မယ်ဆိုတော့ အခုက မြောက်ဦးမှာ ဘာတွေများနေလဲဆိုတော့ အမှိုက်တွေများနေတယ်။ ယဉ်ကျေးမှုအမွေအနှစ်ဒေသမှာ အခုလို ညစ် ပတ်နေတဲ့ အမှိုက်တွေနဲ့ကျတော့ ဘယ်လိုလုပ်ကြမလဲပေါ့နော်။ အဲ့ဒါကလည်း ရှိတယ်။ နောက်တစ်ခုကကျတော့ ကျူးကျော်တွေ ကိစ္စ ရယ်၊ နောက်တစ်ခါ တောင်တွေဖြိုနေတဲ့ကိစ္စတွေကလည်း မရပ်မနား အဲ့ဒါတွေကလည်း လုပ်ကိုင်နေဆဲပဲ ဆိုတော့လေ။ ကမ္ဘာ့အမွေအနှစ်က လာစစ်တဲ့အချိန်မှာ တိတ်တဆိတ် လာစစ်တဲ့အချိန်မှာ ဘယ်လိုဖြစ်ကြဦးမလဲတော့ ကျမလည်း မပြော တတ်ဘူး စိတ်တော့ပူမိတယ်” ဟု CNI သို့ ပြောသည်။

မြောက်ဦးသည် ရခိုင်သမိုင်း၏ ထင်ရှားသည့် ရှေးဟောင်းအမွေအနှစ်များ စုဝေးတည်ရှိရာ မြို့တော် တစ်ခုဖြစ်သည့်အပြင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ခေတ်ကြီးလေးခေတ်အနက် နောက်ဆုံးခေတ် ဖြစ်သည်။

မြောက်ဦးက စေတီများနှင့်မိန်းမပျိုလေး နှစ်ဦးကိုတွေ့ရစဉ်။

မြောက်ဦးဒေသတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ ခန့်က ရခိုင်ဘုရင်များ တည်ထားခဲ့သည့် ရှေးဟောင်း အမွေအနှစ်များ၊ ဘာသာရေး အဆောက်အအုံများ၊ နန်းတော်ရာကုန်း၊ မြို့ရိုးတံတိုင်းများ၊ ခံတပ်များ၊ ကျုံးများ၊ စေတီပုထိုးများ စသည့် ထင်ရှား သော အဆောက်အအုံများ တည်ရှိသည်။

ညွှန်ကြားရေးမှူး ဦးကြည်ခင်က “ရချင်တာပေါ့ဗျာ၊ ဒီလောက်အပင်ပန်းခံပြီးတော့ နိုင်ငံတော်အနေနဲ့ကလည်း ငွေအကုန်ကျခံ ပြီး ဆောင်ရွက်ရတယ်။ ကျနော်တို့မှာလည်း ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ စာတွဲတွေကို ပြုစုရတယ်။ အဲ့လောက် အပင်ပန်းခံ ထားရတော့မှတော့ ကျနော်တို့က အောင်မြင်ချင်တာပေါ့ဗျာ။ စာမေးပွဲဖြေတယ်ဆိုတာ အောင်ချင် တာပေါ့။ အောင်ရင် နိုင်ငံတော်အတွက်လည်း အကျိုးထူးတယ်။ ဒေသခံပြည်သူတွေအတွက်လည်း အကျိုးထူးတယ်။ ဌာန အတွက်လည်း နာမည်ရတယ်” ဟု CNI သို့ ပြောသည်။

အဆိုပြုလွှာမူချော တင်သွင်းမှုသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ကိုဗစ်ရောဂါနှင့် နယ်မြေဒေသ မတည်ငြိမ်မှုများကြောင့် မြောက်ဦးဒေသကို ကွင်းဆင်းစစ်ဆေးမှုများ မပြုလုပ်နိုင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်မှ တင်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မြောက်ဦးဒေသသို့ ပြည်တွင်းခရီးသွား ဝင်ရောက်မှုအနေဖြင့် ရခိုင်ဒေသခံများသာရှိပြီး အခြားနေရပ်ဒေသမှ ခရီးသွားဝင်ရောက်မှုမှာ မရှိသလောက်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပျူ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်း သုံးခုနှင့် ၂၀၁၉ ခုနှစ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့ကို အတည်ပြုသတ်မှတ်ခံခဲ့ရသည်။

 ဆက်စပ်သတင်းများဖတ်ရှုရန် - - - - -  - - - -  - မြောက်ဦးဒေသ ယူနက်စကို ဝင်နိုင်ရေး အဆိုပြုလွှာ ဇန်နဝါရီမှာတင်မည်