CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀
အရေးပေါ်ကာလ ၂ နှစ်အပြီး ရွေးကောက်ပွဲ ကျင်းပပေးမည်ဟုဆိုသော်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ပါက မြန်မာ့နိုင်ငံ ရေးသည် မည်ကဲ့သို့သော အပြောင်းအလဲတစ်ခုကို ကြုံတွေ့လာရနိုင်သလဲဆိုကာ သုံးသပ်ဆွေးနွေးမှုများ ရှိလာနေသည်။
၂ နှစ်အပြီး ရွေးကောက်ပွဲ မကျင်းပနိုင်ပါက အခြေခံဥပဒေကို ဖျက်သိမ်းမလား၊ အာဏာကို တပ်မတော်က ရက်အကန့် အသတ်မရှိ သက်တမ်းတိုးမလားဆိုသည်ကို ရွေးချယ်ရမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့ လာသုံးသပ်သူ ဦးရဲထွန်းက ပြော သည်။
၎င်းက “၂ နှစ်နဲ့ မဖြစ်နိုင်ဘူး။ နောက် ၆ လအတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတော့ အဲ ၆ လအတွင်းမှာလည်း ရွေး ကောက်ပွဲ မလုပ်ပေးနိုင်ဘူးဆိုရင် သက်ဆိုင်ရာ နစက အနေနဲ့ စဉ်းစားရမှာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပြီး‌တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ သူတို့လည်း သဘောကျတဲ့ ငြိမ်းချမ်းရေးလည်းရ၊ ဖွဲ့စည်းပုံလည်းပြင်၊ PR စနစ်လည်းပြောင်း အဲဒီလိုလုပ်မလား ဒါမှ မဟုတ်ရင်လည်း အာဏာကို တပ်မတော်က ရက် အကန့် အသတ်မရှိ ထိန်းသိမ်းလိုက်ပြီဆိုပြီး ကြေညာမလား။ အဲနှစ်ခု ရွေးရမှာပေါ့ဗျာ”ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး မရရှိခဲ့သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း၍ ဖွဲ့စည်းပုံအသစ် ရေးဆွဲသင့်ကြောင်း၊ အကယ်၍ အခြေခံဥပဒေဖျက်သိမ်းခဲ့ပါက အချိန်တိုတိုနှင့် အသစ် ရေးဆွဲ၍ မရတော့ကြောင်း ဦးရဲထွန်းက ပြောသည်။
အရေးပေါ်ကာလ ၂ နှစ်အပြီးတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက တပ်မတော်အနေဖြင့် စစ်အာဏာ သိမ်း လမ်းကြောင်းပေါ် ရောက်ရှိသွားနိုင်ကြောင်း၊ လက်ရှိ တိုင်းပြည်၏ နိုင်ငံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပ၍ မဖြစ်နိုင်ဟု မြင်မိကြောင်း ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။
၎င်းက “ဒီတစ်နှစ်အကြာမှာ ရွေးကောက်ပွဲ ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ ကျနော် သံသယဖြစ်မိတယ်ပေါ့နော်။ ကျနော်က တော့ အခြေအနေကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ မဖြစ်နိုင်ရင် ဘယ်လိုလုပ်မလဲ ၂ နှစ်အတွင်းကို ဖွဲ့စည်းပုံအရ လုပ်နေ တယ်လို့ ပြောတာကိုး။ ၂ နှစ်အတွင်း ရွေးကောက်ပွဲကို လုပ်ချင်တယ်ပဲထား၊ မလုပ်နိုင်ပဲထား။ သူတို့အနေနဲ့ ဖွဲ့စည်းပုံကို ဖျက် ရ‌တော့မှာပေါ့။ ဖွဲ့စည်းပုံကို ဖျက်ပြီးတော့ စစ်အာဏာကို တကယ်တမ်း အစစ်အမှန်စစ်အာဏာကို သိမ်းတဲ့လမ်းကို ရောက် သွားတော့မယ်။ ဆိုတော့ သူတို့ စစ်အာဏာကို သိမ်းပြီဆိုရင်တော့ ဖွဲ့စည်းပုံကို ရေးမယ်ဆိုတဲ့ အချိန်ကာလအများကြီးကို ယူသွားနိုင်တာပေါ့။ အဲအတွက်တော့ ကျနော်စိုးရိမ်ပါတယ်ခင်ဗျ”ဟု CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ထို့ပြင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တပ်မတော်အနေဖြင့် အရေးပေါ် ကာလ ပြဋ္ဌာန်းချက်များအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး အရေးပေါ်ကာလ ၂ နှစ်အပြီးတွင် ရွေးကောက်ပွဲကျင်းပ၍ အနိုင် ရရှိသူများကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဧပြီ ၉ ရက်တွင် ပြောကြားထားသည်။
‌သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက “နစက အနေနဲ့က ၂၀၂၃ မှာ ရွေးကောက်ပွဲ ပြန် ကျင်းပပေးမှာဆိုတာ ကတိပြုထားပြီး ဖြစ်တဲ့အတွက်ကြောင့် ၂၀၂၂ အတွင်းမှာတော့ သူတို့ မဖြစ်မနေတည်ငြိမ်တဲ့ တည်ငြိမ်မှု တစ်ခုကိုတော့ သူတို့ရအောင်တော့ လုပ်ယူသွားမှာပဲ။ တစ်ခုတော့ ရှိတာပေါ့လေ။ NUG တို့၊ CRPH တို့၊ PDF တို့ဘက်က သူတို့ဘယ်လိုမှ ဆုံးဖြတ်လို့ မရတော့ဘူး။ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီးတော့ ရှေ့ဆက်ပြီး စွပ်တိုးလာမယ်ဆိုရင်တော့ အခြေအနေ က အရမ်းဆိုးဝါးသွားတဲ့ အနေအထား ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဒါလည်း အခုကျနော်တို့ စဉ်းစားထားတာက အဲအနေ အထားကို ရောက်ဖို့ နည်းနည်းတော့ ခဲယဉ်းသေးတယ်လို့ မြင်တယ်။ သေချာတာက နှစ်ကုန်ပိုင်းတစ်ချက်ကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ အဲအချိန်အတောအတွင်းမှာ ဒီထက်အခြေအနေကို ပိုထိန်းကွပ်နိုင်မယ်၊ ထိန်းချုပ်နိုင်မယ်၊ စီးပွားရေးလည်း ပြန်ပြီး‌‌တော့ တိုးတက်လာမယ်ဆိုရင်တော့ ပြော ထားတဲ့ ကတိကဝတ်အတိုင်း ရွေးကောက်ပွဲဆီသွားဖို့ သိပ်ပြဿနာမရှိဘူးလို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ပြည်တွင်း အခြေအနေမှာ တည်ငြိမ်မှု မရှိသေးသလို တပ်မတော်အနေဖြင့် ပဋိပက္ခကို ဆင်ခြေပြလာနိုင်ကြောင်း၊ တစ်ဖက်ကလည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးဟုဆိုကာ ရွေးကောက်ပွဲကို အလိုမရှိဟု ပြောလာနိုင်ကြောင်း ဦးဖေသန်းက ပြောသည်။