CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၀

အိန္ဒိယအခြေစိုက် ဇိုမီးတော်လှန်ရေးအစည်းအရုံး/ဇိုမီးတော်လှန်ရေးတပ်မတော်(ZRO/ZRA)နှင့် ချင်းပြည်နယ် အတွင်း ဝင်ရောက်လာသော ဇိုမီးနိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ/ဇိုမီးတော်လှန်ရေးတပ်မ တော်-အရှေ့ပိုင်းတိုင်း(ZPCC/ZRA-Eastern command)တို့သည် မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် (၃)နိုင်ငံရှိ ဇိုမီးမျိုးနွယ်စုများကို စုစည်းပြီး ဇိုမီးနိုင်ငံထူထောင်ရေး ရည်မှန်းလုပ်ဆောင်နေသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF)က မေလ ၉ ရက်နေ့တွင် စွပ်စွဲထုတ်ပြန်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ZRO/ZRA သည် အိန္ဒိယအစိုးရကို ဆန့်ကျင်တော်လှန်နေသည့် Zomi လူမျိုးစု အမည်ခံ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် အိန္ဒိယဗဟိုအစိုးရနှင့် သဘောတူညီချက်အရ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ကာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၌ အခြေစိုက်ခဲ့ကြသည်ဟု CNF က ထုတ်ပြန်ခဲ့သည်။

ထို့နောက် အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့် ZRO/ZRA သည် ၂၀၁၃ ခုနှစ်တွင် ZPCC/ZRA(Eastern Command) နာမည်ဖြင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်အတွင်းသို့ ဝင်ရောက်လှုပ်ရှားလာခဲ့ကြကြောင်း၊ အိန္ဒိယ နိုင်ငံ၊ မဏိပူရ်ပြည်နယ် အခြေစိုက် ZRO/ZRA ၏ နိုင်ငံရေး ရည်မှန်းချက်သည် ဇိုမီးလူမျိုးစု အမည်ခံပြီး မဏိပူရ် ပြည်နယ်အတွင်း နိုင်ငံရေးအရ တခြားမျိုးနွယ်စုများအပေါ် Paite မျိုးနွယ်စု လွှမ်းမိုးသော မဏိပူရ်ပြည်နယ် အခွင့်အရေးဖြစ်သည်ဟု CNF က စွပ်စွဲခဲ့သည်။

CNF က “ မြန်မာနိုင်ငံအတွင်း ချင်းလဲန်း(ချင်းပြည်နယ်)တွင် လှုပ်ရှားနေသည့် ZPCC/ZRA(Eastern Comman d)၏ နိုင်ငံရေး ရည်မှန်းချက်သည် ချင်းလဲန်းအတွင်း တီးတိန်၊ တွန်းဇံမြို့နယ် နှစ်ခုနှင့် စစ်ကိုင်းတိုင်းရှိ ကလေး- ကဘော်ဒေသတို့ကို စုစည်းပြီး သီးသန့် ဇိုမီးပြည်နယ်ရရှိရေးဖြစ်သည်။ အိန္ဒိယအခြေစိုက် ZRO/ZRA နှင့် ချင်းလဲန်းအတွင်း ဝင်ရောက်လာသော ZPCC/ZRA(Eastern Command)တို့၏ အန္ဓိမနိုင်ငံရေး ရည်မှန်းချက် သည် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံရှိ ဇိုမီးမျိုးနွယ်စုများကို စုစည်းပြီး ဇိုမီးနိုင်ငံထူထောင်ရေးဖြစ်သည်” ဟု ထုတ်ပြန် စွပ်စွဲခဲ့သည်။

CNF ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ZRO/ZRA(ZPCC/ZRA)သည် အဖွဲ့အစည်းရပ်တည်ရေးအတွက် အိန္ဒိယ- မြန်မာနယ်စပ် ချင်းပြည်နယ်အတွင်း က တွန်းဇံမြို့နယ် Phoisat, Suang hoih, Seimei, Mualpi ရွာ သစ်တောကြိုးဝိုင်းတွင် ဒေသအခြေစိုက် မြန်မာ့တပ်မတော်ထံ အခွန်ဆောင်ပြီး ဧကပေါင်းများစွာသော ဘိန်းခင်းပိုင်ဆိုင်ထားသည့်အပြင် ဒေသခံ ပြည်သူများကိုလည်း ဘိန်းစိုက်ပျိုးခွင့်ပြုပြီး အခွန်ကောက်ကြကြောင်း၊ နယ်စပ်ဂိတ်များနှင့် တီးတိန်နှင့် တွန်းဇံ မြို့နယ်အတွင်း မြန်မာ့တပ်မတော်မှ ဆောင်ရွက်နေသည့် တင်ဒါမှလည်း အခွန်ကောက်ခံကြသည်ဟုလည်း CNF က စွပ်စွဲ ထုတ်ပြန်ခဲ့သည်။

CNF နှင့်နီးစပ်သူတစ်ဦးကတော့ ZRA ကို CNF က တိုက်ခိုက်နေခြင်းမှာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ်လိုခြင်းနှင့် အခွန်ကောက်ခံနိုင်ရေးအတွက် ဖြစ်သည်ဟု ပြောသည်။

၎င်းက “အခု CNF က ချင်းပြည်နယ်အတွင်းမှာ လွှမ်းမိုးနိုင်ဖို့ လုပ်နေတာ၊ ZRA ကို သူတို့ သွားတိုက်တာက လည်း တကယ်တော့ ကုန်သွယ်ရေးလမ်းကြောင်း ထိန်းချင်လို့ပါ။ အခုတောင် ချင်းပြည်နယ်မှာ ကုန်စည်တွေ ကို ၂ ရာခိုင်နှုန်းကောက်နေပြီ။ CNF ကို ဟားခါးနဲ့ ထန်ထလန်က လူတွေ ကြိုက်ရင်ကြိုက်လိမ့်မယ်။ ဒါပေမဲ့ တခြားဒေသက ချင်းလူမျိုးတွေက မကြိုက်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် နယ်စပ်က လူတွေက CNF ထက် စကစကိုတောင် ပိုလွှမ်းနေကြတယ်။ စကစ နယ်စပ်ကို ထိန်းထားတုန်းက ဘာပဲဖြစ်ဖြစ် လုပ်ကိုင်စားသောက် လို့ရတယ်။ အခု CNF က နယ်စပ်ဂိတ်ကို တိုက်လိုက်လို့ အိန္ဒိယဘက်ကလည်း ပိတ်လိုက်တော့ ဘာမှလုပ်ကိုင် စားသောက်လို့မရတော့ဘဲ ကုန်စည်တွေ ပျက်ပြီး အခက်အခဲတွေဖြစ်လာတယ်”ဟု ပြောသည်။

လက်ရှိတွင် ZRA နှင့် CNF ကြား တီးတိန်မြို့နယ်အတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားနေသလို နယ်စပ်ဂိတ်အနီးမှာ လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

 CNF တပ်ဖွဲ့ကို တွေ့ရစဉ်

ထို့နောက် ချင်းလက်နက်ကိုင် ၆ ဖွဲ့ကလည်း CNF ကို တီးတိန်နှင့် တွန်းဇံမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှု မလုပ်ရန် ပူးတွဲထုတ်ပြန် သတိပေးထားသည်။

CNF ကတော့ ZRA နှင့် တီးတိန်အခြေစိုက် ခလရ ၂၆၈ တို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်က တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် (၁) Zogam Charter ရေးဆွဲနိုင်ရေးအတွက် SAC မှ ဦးဆောင်ပေးရမည်၊ (၂) Zomi state တည် ထောင်နိုင်ရေးအတွက် SAC မှ ဦးဆောင်ပေးရမည်၊ (၃) ZRA အား နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဖြစ် အသိ အမှတ်ပြုရမည်၊ (၄) ZPCC/ZRA ကို တီးတိန်နှင့် တွန်းဇံတွင် လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုရမည်၊(၅) တီးတိန်နှင့် တွန်းဇံမြို့နယ်ရှိ PDF, CDF တို့ကို ZPCC/ZRA က အမြစ်ပြတ် ရှင်းလင်းပြီး ကလေး၊ ကဘော်၊ တမူးရှိ အဖွဲ့အစည်းများကိုလည်း တိုက်ထုတ်ရမည်၊ (၆) ZPCC/ZRA က CDM ပြုလုပ်သူများအား ဖမ်းဆီးရမည်၊ (၇) ZPCC/ZRA က CNF,CDF,PDA တို့ကို ပြည်သူများ အမြင်မှားအောင် ဇာတ်လမ်းအမျိုးမျိုးဆင် နာမည်ဖျက်ပြီး ရန်သူလို သဘောထားတိုက်ခိုက်ရမည် စသည့် အချက်များကို သဘောတူညီခဲ့ကြသည်ဟု ထုတ်ပြန် စွပ်စွဲထား သည်။

ZRA ကတော့ မြန်မာ့တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းမရှိသလို တစ်စုံတစ်ရာ သဘောတူညီမှု ရယူထားခြင်း မရှိကြောင်း ပြောသည်။