CNI International News

မနီလာ၊ ဧပြီ ၂၂

ဖိလစ်ပိုင်နိုင်ငံအနီးတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ပိုင်ဆိုင်သည့် WZ-7 Soaring Dragon  ဒရုန်းတစ်စင်း ပျံသန်းနေသည်ကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း Times of India မှ ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်သည် အိန္ဒိယ၏ BrahMos စူပါဆိုးနစ် ခရုဇ်ဒုံးကျည်များကို လက်ခံရယူရန် ပြင်ဆင်နေချိန်တွင် ထို တရုတ်စစ်တပ်ပိုင် ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း The Eurasian Times မှ သတင်းထုတ်ပြန်ခဲ့သည်။

WZ-7 Soaring Dragon ဒရုန်း၏ တမူထူးခြားသည့် တောင်ပံပုံစံကြောင့် ဖိလစ်ပိုင် သတင်းအဖွဲ့အစည်းဖြစ်သည့် GMA News မှ သတင်းထောက်တစ်ဦးဖြစ်သူ ရက်ဖီ တီမာ (Raffy Tima) က သတိထားမိခဲ့သည်။

 အိန္ဒိယ၏ BrahMos စူပါဆိုးနစ် ခရုဇ်ဒုံးကျည်ကို တွေ့ရစဉ်

ထိုဒရုန်းသည် အနောက်ဖိလစ်ပိုင် ပင်လယ် (West Philippine Sea) အပေါ်တွင် ပျံသန်းခဲ့သည်ကို တွေ့ရှိခဲ့ရသည် ဟု ၎င်းက ပြောသည်။

တောင်တရုတ်ပင်လယ်အတွင်းရှိ Second Thomas သောင်ခုံနှင့် စကာဘိုရော့ချ် (Scarborough) သောင်ခုံ အပါအဝင် နယ်မြေပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမှုများ မြင့်တက်နေချိန် တွင် တရုတ်၏ ဒရုန်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဖိလစ်ပိုင်သည် ဒေသတွင်း တရုတ်၏ စစ်ရေးလှုပ်ရှားမှုများကို တန်ပြန်ရန် ကာကွယ်ရေး စွမ်းဆောင်ရည် များကို မြှင့်တင်သည့်အနေဖြင့် အိန္ဒိယနိုင်ငံထံမှ BrahMos စူပါဆိုးနစ် ခရုဇ်ဒုံးကျည်များကို လက်ခံရယူရန် ပြင်ဆင်နေသည့် အချိန်နှင့်လည်း တိုက်ဆိုက်နေသည်။

ဖိလစ်ပိုင်သည် Horizon 2 Priority Projects အမည်ရှိ စီမံကိန်းများအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များကို အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားပြီး အိန္ဒိယ၏ BraMos ဒုံးကျည်စနစ်များသည် ဧပြီ ၁၉ ရက်၌ မနီလာ (Manila) မြို့တော်သို့ ရောက်ရှိခဲ့သည်။

တရုတ်ဒရုန်းကိုတွေ့ရစဉ်

ထိုဒုံးကျည်များ ပေးပို့မှုသည် အစိုးရအချင်းချင်း (G2G) ပူးပေါင်းဆောင်ရွက်သည့် သဘောတူညီချက်ကြောင့် ပိုမို အဆင်ပြေ ချောမွေ့ခဲ့ပြီး ထိုသဘောတူညီချက်တွင် ဒုံးကျည်အမြောက် အတွဲ ၃ တွဲ၊ အော်ပရေတာနှင့် ပေါင်းစပ် သယ်ယူပို့ဆောင်ရေး အထောက်အကူပြုအစီအစဉ် (ILS) များလည်း ပါဝင်သည်။

ဖိလစ်ပိုင်သို့ BrahMos ဒုံးကျည်များ သယ်ဆောင်လာသည့် အိန္ဒိယ၏ သယ်ယူပို့ဆောင်ရေး လေယာဉ်များ ရောက်ရှိ လာမှုနှင့်အအတူ အနောက်ဖိလစ်ပိုင် ပင်လယ်ပေါ်တွင် WZ-7 ဒရုန်းကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-လေတပ် (PLAAF) က ထိန်းချုပ်မောင်းနှင်သည့် WZ-7 ဒရုန်းသည် အမြင့်ပေ ၆၀,၀၀၀ ကျော်တွင် အကွာအဝေး ၄၃၅၀ မိုင်အထိ ပျံသန်းနိုင်ကြောင်း သိရသည်။

Source: Times of India