CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၉ 

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ကရင်ပြည်နယ် အတွင်းက ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ပူးတွဲ၍ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်(KNU/KNLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစော်ဂျော်နီထံ စာပေးပို့ခဲ့သည်။

ငြိမ်းချမ်းရေး အထူးမေတ္တာရပ်ခံချက်ဟုဆိုကာ ဧပြီ ၅ ရက်နေ့စွဲဖြင့် ဘာသာရေး ခေါင်းဆောင်များက ပေးပို့ခဲ့ ခြင်း ဖြစ်သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကဒေါင်ကျေးရွာအုပ်စု၊ လှိုင်းပုံရွာ၊ လမင်းပရိယတ္တိစာသင်တိုက်၌ ၂၀၂၄ ခုနှစ်၊ ဧပြီ ၅ ရက်နေ့က ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာရဟန်း သံဃာတော်များမှ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကရင်ပြည်နယ်၊ ဘားအံမြို့ ကြားတေရကျောင်း၌ ဗုဒ္ဓဘာသာ သံဃာတော်များနှင့် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံပြီး ငြိမ်းချမ်းရေး အထူးမေတ္တာရပ်ခံချက်ကို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စော်ဂျော်နီထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဘာသာရေး ခေါင်းဆောင်များ၏ အထူးမေတ္တာရပ်ခံချက်ကို တွေ့ရစဉ်

အဆိုပါ ငြိမ်းချမ်းရေး အထူးမေတ္တာရပ်ခံချက်တွင် (၁) တစ်မျိုးသားလုံး ငြိမ်းချမ်းရေး၊ (၂) အလုံးစုံ သွေးစည်းညီ ညွတ်ရေး၊ (၃) ထာဝစဉ် အမြဲငြိမ်းချမ်းရေးအတွက် လိုလားနှစ်သက်တော်မူကြသည့်အလျှောက် ကရင်ပြည်နယ် တွင် ဖြစ်ပွားလျက်ရှိသော စစ်ဘေးစစ်ဒဏ်များတို့ဖြင့် ဘာသာရေး အဆောက်အဦးများ၊ ဆက်သွယ်ရေး လမ်း တံတားများ၊ ပညာသင်ကြားရေး စာသင်ကျောင်းများ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ စစ်ဘေး ရှောင် ပြည်သူများတို့၏ ဘဝဘေးဒဏ်များ ကင်းဝေးစေနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေဖြင့် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်ဟု ဖော်ပြထားသည်။

ထို့အပြင် လူသားချင်း ကိုယ်ချင်းစာနာထောက်ထားရေးကို ရှေးရှုလျက် ပဋိပက္ခဆောင် အချင်းချင်းတို့၏ ထာဝရငြိမ်းချမ်းရေးမဏ္ဍိုင် ပူးပေါင်းတည်ဆောက်နိုင်စေရေးနှင့် တစ်မျိုးသားလုံး အရေးအား ငြိမ်းချမ်းရေး အသွင် ဖော်ဆောင်နိုင်ကြစေရန် အထူးမေတ္တာရပ်ခံ ပန်ကြားသိစေပါသည်ဟုလည်း ဖော်ပြထားသည်။
ကရင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် နေအိမ်များ မီးလောင်ပျက်စီးနေသလို ဒေသတွင်းနေ ပြည်သူများလည်း ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ကာ ကုန်ဈေးနှုန်း ကြီးမြင့်နေ ခြင်းတို့ ကြုံတွေ့နေကြရသည်။