CNI International News

နယူးဒေလီ၊ ဧပြီ ၆

ပါကစ္စတန်တို့ သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသ (PoK)သည် အိန္ဒိယ၏အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ ( S Jaishankar )က ပြောကြားခဲ့ကြောင်း Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ပါကစ္စတန်နှင့်ပတ်သက်၍ အဓိကစိုးရိမ်သည့် အချက်မှာ အကြမ်းဖက်ဝါဒဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ပြတ်ပြတ်သားသား တုန့်ပြန်သွားမည်ဟု ဂျိုင်ရှန်ကာက ထပ်မံပြောကြားခဲ့သည်။

"ပါကစ္စတန်တွေ သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယား အရေးနဲ့ပတ်သက်လို့ ဒါဟာ ပါတီရဲ့ အရေးသာ မဟုတ်ဘဲနဲ့ နိုင်ငံ့အရေးတစ်ရပ် ဖြစ်ပါတယ်။ အိန္ဒိယပါလီမန်က စည်းလုံးညီညွတ်စွာ ရပ်တည်ခဲ့ပြီး နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေကလည်း ဒီရပ်တည်မှုကို အားပေးထောက်ခံရမှာ ဖြစ်ပါတယ်။ ပါကစ္စတန်တွေ သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယားဟာ အိန္ဒိယရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ဘူးဆိုတာကို ကျနော်တို့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါ ဘူး။ ဒါက စည်းလုံးတဲ့ ရပ်တည်ချက် တစ်ရပ်ဖြစ်ပြီး ဒါက ကျနော်တို့ရဲ့ ရပ်တည်ချက်အဖြစ် ဆက်လက် တည်ရှိ နေပါတယ်"ဟု  ဂျိုင်ရှန်ကာက ဧပြီ ၄ ရက်မှာ သီရူဗာနန်သာပူရမ် (Thiruvananthapuram) မြို့တွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

 ကက်ရှ်မီးယား အကြမ်းဖက်မှုကိုတွေ့ရစဉ်

"ပါကစ္စတန်နဲ့ပတ်သက်ပြီး အဓိကစိုးရိမ်ရတဲ့ အချက်ကတော့ အကြမ်းဖက်ဝါဒ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်အရေး ကိစ္စနဲ့ပတ်သက်ပြီး ပါတီတစ်ခုအနေနဲ့ရော၊ အစိုးရကပါ ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်ကတော့ ကျနော်တို့ အနေနဲ့ အကြမ်းဖက်ဝါဒကို လျစ်လျူရှုသွားမှာ မဟုတ်ဘဲ အကြမ်းဖက်မှု တစ်စုံတစ်ရာ ဖြစ်လာရင် မျက်နှာလွှဲ နေမှာ မဟုတ်ပါဘူး" ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအကြောင်း မေးမြန်းမှုတွင် နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက တရုတ်နှင့် ဆက်ဆံရေးသည် စိန်ခေါ်မှုရှိသော်လည်း အိန္ဒိယအနေဖြင့် နိုင်လိုစိတ်ပြင်းသော နည်းလမ်းတစ်ရပ်ဖြင့် ယှဉ်ပြိုင်သွားမည်ဟု ထပ်လောင်း အတည်ပြုခဲ့သည်။

"ကျနော်တို့နဲ့ တရုတ်ရဲ့ ဆက်ဆံရေးကတော့ စိန်ခေါ်မှုရှိတဲ့ အနေအထားပါ။ ဒါပေမဲ့ အိန္ဒိယဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိအကျိုးစီးပွားကို မြှင့်တင်ပြီး ခုခံကာကွယ်သွားဖို့ ယုံကြည်ချက်ရှိတဲ့အတွက် ကျနော်တို့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်"ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

 ကက်ရှ်မီးယား ဒေသကို တွေ့ရစဉ်

သို့သော် ဂျိုင်ရှန်ကာကမူ အိန္ဒိယနှင့် ၎င်း၏ အိမ်နီးချင်း နိုင်ငံများအကြား ဆက်ဆံရေးနှင့်ပတ်သက်ပြီး သံသယ များကို ငြင်းဆိုခဲ့သော်လည်း အိန္ဒိယနိုင်ငံတွင်းနှင့် အိမ်နီးချင်းနိုင်ငံများအကြား ပြဿနာများကို ဖန်တီးလိုသည့် အင်အားစုများ ရှိကောင်းနိုင်သည်ဟု ပြောကြားခဲ့သည်။

"အိမ်နီးချင်းတွေအကြောင်း ပြောမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာကို သွားပြီး သူတို့ဘာတွေ တွေးနေလဲ ဆိုတာ လူတွေကို မေးကြည့်ပါ။ သူတို့ရဲ့အဆိုးဆုံး စီးပွားရေး ပြဿနာတွေနဲ့ ကြုံနေစဉ်မှာ ဘယ်သူက သူတို့ဘက် ရပ်တည်ပေးခဲ့လဲ။ နီပေါကိုလည်းသွားပြီး  သူတို့ရဲ့ ကာကွယ်ဆေးတွေ၊ မြေသြဇာတွေနဲ့ ယူကရိန်းပြဿနာ တက်နေချိန်မှာ လောင်စာတွေ ဘယ်ကနေရလာလဲ မေးကြည့်လိုက်ပါ။ အဲဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်မပြေဘူးဆိုတဲ့ ပြောစကားတွေကို ကျနော်ကတော့ သဘောမတူပါဘူး"ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့ သည်။

Source: Devdiscourse