CNI International News

တိုင်ပေ၊ ဧပြီ ၂ 

တရုတ်နှင့်ထိုင်ဝမ် စစ်ပွဲဖြစ်ပွားလာပါက ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) သည် အမေရိကန်သို့ ထွက်ပြေးရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်ဟု ရိုက်တာမှ ထပ်ဆင့် ဖော်ပြခဲ့ သည်။

ထိုအကြောင်းအရာကို ၂၀၂၁ ခုနှစ်က ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲ မတိုင်မီကလည်း ထပ်မံထုတ်ပြန်ခဲ့ဖူးသည်ဟု ဆိုသည်။

ထို့ပြင် အခြား သတင်းတစ်ပုဒ်တွင်လည်း ဆိုင်သည် ၎င်း၏ ယုံကြည်အားထားရသူများကို VIP ထွက်ပြေး တိမ်းရှောင်ရေး လမ်းကြောင်းများ ပေးထားသည်ဟု ဖော်ပြခဲ့သည်။

 တရုတ်ကို တွေ့ရစဉ်

ဆိုင်သည် ထိုင်ဝမ်မှ ထွက်ပြေးရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းများသည် ထိုင်ဝမ်ကို ထိခိုက်နစ်နာစေသည့် ခိုင်မာမှုမရှိသော ယုံတမ်းစကားများထဲမှ တစ်ခုဖြစ်သည်ဟု ထိုင်ဝမ်အခြေစိုက် NGO အဖွဲ့ဖြစ်သည့် သတင်းရပ် ဝန်း သုတေသနစင်တာ (IORG) က  ရိုက်တာသတင်းဌာနအတွက် ပြုလုပ်ပေးသည့် လေ့လာချက်တွင် ဖော်ပြခဲ့ သည်။

တရုတ်နှင့် စစ်ပွဲဖြစ်ပွားချိန်တွင် ဆိုင်သည် ထိုင်ဝမ်မှ ထွက်ပြေးရန် စီစဉ်ထားပြီး ထိုသို့ ထွက်ပြေးရန်အတွက် လည်း ထိုင်ဝမ်က အစမ်းသဘောဖြင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် တရုတ်အစိုးရက ထိန်းချုပ်ထားသည့် သတင်းမီဒီယာတစ်ခုက စတင်ဖော်ပြခဲ့သည်။

ထိုသတင်းကို အခြားတရုတ် သတင်းရင်းမြစ်များကလည်း လျင်မြန်စွာ ထပ်မံဖော်ပြခဲ့သည်ဟု IORG က ပြောသည်။

ထိုင်ဝမ်ကမူ ထိုသတင်းများသည် မှားယွင်းကြောင်း ထပ်တလဲလဲ ငြင်းဆိုခဲ့ပြီး စစ်ပွဲဖြစ်ပွားလာချိန်တွင် ထိုင်ဝမ် ခေါင်းဆောင်ပိုင်းအတွက် စီစဉ်ထားသည့် အစီအစဉ်များကို လူသိရှင်ကြား အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထိုင်ဝမ်စစ်သား တစ်ဦးကို တွေ့ရစဉ်

IORG သည် ပါတီစွဲမရှိသည့် လူမှုရေး သိပ္ပံပညာရှင်များ၊ ဒေတာလေ့လာသူများနှင့် ဖွဲ့စည်းထားပြီး အမေရိကန်နှင့် ဗြိတိန်မှ ငွေကြေးထောက်ပံ့ပေးထားသည့် ပညာရေးအင်စတီကျူရှင်းများနှင့် အဖွဲ့အစည်းများက ရန်ပုံငွေ ထောက်ပံ့ပေးထားသည်။

ထိုင်ဝမ်တွင် နှစ်စဉ်ပြုလုပ်နေကျ Han Kuang စစ်ရေးလေ့ကျင့်မှု အပါအဝင် အခြားစစ်ရေး လေ့ကျင့်မှုများသည် ထိုင်ဝမ်ခေါင်းဆောင်များအား ထိုင်ဝမ်ကျွန်းမှ စွန့်ခွာရန်အတွက် အစမ်းလေ့ကျင့်နေသည့် လေ့ကျင့်မှုများ ဖြစ်သည်ဟု ဖော်ပြထားသော သတင်းပေါင်း ၄၀၀၀ ကျော်ကို တွေ့ရှိခဲ့သည်ဟု IORG က ပြောကြားခဲ့သည်။

ထိုဖော်ပြချက်များသည် ထိုင်ဝမ် အာဏာရပါတီဖြစ်သည့် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ပေါ် လူထု၏ ထောက်ခံ ယုံကြည်မှု လျော့ကျစေရန် တရုတ်၏ အားထုတ်ကြိုးပမ်းချက် ဖြစ်နိုင်ခြေရှိကြောင်း IORG က ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ