CNI International News

ဟဲလ်ဆင်ကီ၊ မတ်လ ၂၅

အမေရိကန်လွှတ်တော်သည် ယခုနှစ်အတွင်း ဘော်လ်တစ် ၃ နိုင်ငံဖြစ်သည့် အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံတို့ကို စုစုပေါင်း ဒေါ်လာ ၂၂၈ သန်း တန်ကြေးရှိ စစ်ရေးနှင့် ကာကွယ်ရေး အကူအညီများ ပေးရန် ပါဝင်သည့် ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်ဟု အက်စတိုးနီးယား ကာကွယ်ရေးအရာရှိများက မတ်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

မတ်လ ၂၃ ရက်က လွှတ်တော်တွင် အတည်ပြုခဲ့သည့် အမေရိကန်အစိုးရ၏ ရန်ပုံငွေ ဥပဒေထုတ်ပြန်မှု၌ နေတိုး အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ရုရှား၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘော်လ်တစ် ၃ နိုင်ငံကို စစ်ရေးအထောက်အပံ့များ ပေးမည့် အစီအစဉ် ပါဝင်ခဲ့သည်။

"အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုတွေဟာ အက်စတိုနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီယားနိုင်ငံတွေမှာ စစ်ရေး အခြေခံ အဆောက်အအုံတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို အလျင်အမြန် အကောင်အထည်ဖော်ဖို့ သိသိသာသာ အထောက်အကူ ဖြစ်စေပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက် အကူအညီတွေ နည်းနည်း ပိုများလာတာ ကလည်း သတင်းကောင်းပါပဲ" ဟု အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီး ဟန်နို ပက်ဗ်ကူအာ (Hanno Pevkur) က ပြောကြားခဲ့သည်။

"ဒီဘဏ္ဍာရေး အထောက်အပံ့ဟာ နေတိုးမဟာမိတ်အဖွဲ့ထဲမှာ အင်အားအကြီးဆုံး မဟာမိတ်ဖြစ်တဲ့ အမေရိကန် က ကျနော်တို့ ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ကတိကဝတ်အတိုင်း လုပ်ဆောင်နေတယ်ဆိုတာကို ပြသရာရောက်ပါတယ်"ဟု ၎င်းက ပြောသည်။

 အမေရိကန် အိမ်ဖြူတော်ကိုတွေ့ရစဉ်

၂၀၂၀ ပြည့်နှစ်က ဖန်တီးခဲ့သည့် ဘော်လ်တစ် လုံခြုံရေး အစီအစဉ် (BSI) သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနက အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယား စစ်တပ်များ၏ စစ်ရေးစွမ်းဆောင်ရည်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ငံစွမ်းများကို တိုးတက်စေရန် ရည်ရွယ်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်သည်။

အမေရိကန်၏ ငွေကြေးထောက်ပံ့မှုသည် ဘော်လ်တစ်နိုင်ငံများ၏ လေကြောင်းကာကွယ်ရေး၊ ပင်လယ် ရေကြောင်းဆိုင်ရာ အခြေအနေ စောင့်ကြည့်လေ့လာမှုနှင့် မြေပြင်တပ်ဖွဲ့များကို ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပြီး ၂၀၂၃  ခုနှစ်ကလည်း ဒေါ်လာ ၂၂၅ သန်း တန်ကြေးရှိ စစ်ရေးအကူအညီပေးခဲ့ကြောင်း အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဒီဇင်ဘာလကလည်း အမေရိကန်နှင့် ဘော်လ်တစ်နိုင်ငံများသည် ၂၀၂၈ ခုနှစ်အထိ နိုင်ငံများအကြား ကာကွယ်ရေး နှင့် အမျိုးသားလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုရှိသည့် ဆက်ဆံရေးများကို လမ်းညွှန်ရန် ရည်ရွယ်ထား သည့် ၅ နှစ်သက်တမ်းရှိ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံတစ်ခု ဖော်ဆောင်ရန် သဘောတူ ခဲ့ကြသည်။

Source: အေပီ