CNI International News

ပို့အော်ပရင့်စ်၊ မတ်လ ၂၅

ဟေတီနိုင်ငံတစ်ဝန်းတွင် လူဆိုးဂိုဏ်းများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန်တွင် နိုင်ငံသားများ၏ ထက်ဝက်နီးပါးသည် စားသောက်နေထိုင်ရန် ရုန်းကန်နေရပြီး နေရာ အများအပြားတွင် အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက မတ်လ ၂၂ ရက်၌ ပြောကြားခဲ့ကြောင့် ရိုက်တာမှ ဖော်ပြခဲ့သည်။

ငွေကြေးဖောင်းပွမှုနှင့် ဆင်းရဲချို့တဲ့မှုသည် ဟေတီနိုင်ငံသားများအား ငတ်မွတ်မှု အခြေအနေကို အဆိုးဆုံးအဆင့် အထိ ရောက်ရှိစေခဲ့သည်ဟု ပြောကြားခဲ့သည်။

"ဆာလောင်ငတ်မွတ်မှု မြင့်တက်လာတာဟာ နိုင်ငံကို အထိနာစေတဲ့ လုံခြုံရေး အကျပ်အတည်းကြောင့် ဖြစ်ပါ တယ်။ ကျနော်တို့အနေနဲ့ ချက်ချင်းအရေးတယူ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အခြေအနေတစ်ခုကို စောင့်နေတာ ဟာ ရွေးချယ်စရာတစ်ခု မဟုတ်ပါဘူး"ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ဟေတီနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ယန်းမာတင်ဘော်ရာ(Jean-Martin Bauer)က ပြောကြားခဲ့သည်။

ငတ်မွတ်မှု အခြေအနေကို အကဲဖြတ်ရန် ကုလသမဂ္ဂနှင့် အစိုးရများက အသုံးပြုသော အတိုင်းအတာတစ်ခုကို သတ်မှတ်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော The Integrated Food Security Phase Classification (IPC)၏ ထုတ်ပြန်ချက်အရ လူဦးရေ ၁၁.၅ သန်းတွင် လူ ၄.၉၇ သန်းခန့်သည် အကျပ်အတည်း သို့မဟုတ် အစားအစာ မလုံလောက်မှု၏ အဆိုးရွားဆုံး အဆင့်များကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ပြောကြားခဲ့သည်။

 ဟေတီနိုင်ငံသူနှစ်ဦးကို အစားအစာများနဲ့အတူ တွေ့ရစဉ်

လက်ရှိတွင် နေရာ ၈ နေရာကို ငတ်မွတ်မှု အခြေအနေမတိုင်မီ အဆိုးဆုံးအဆင့်ဖြစ်သည့် အရေးပေါ်ကာလအဖြစ် သတ်မှတ်အကဲဖြတ်ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

ဟေတီနိုင်ငံသည် ရဲစခန်းများနှင့် နိုင်ငံတကာလေဆိပ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်း အပါအဝင် ယခုလ အတွင်း ပြိုင်ဘက်လူဆိုးဂိုဏ်းများ၏ ဆက်တိုက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် အထိနာလျက်ရှိသည်။

ထိုတိုက်ခိုက်မှုများကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ကာ လူပေါင်းသန်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်း နေထိုင်ခဲ့ ကြသည်။

ဒေသဆိုင်ရာ ခေါင်းဆောင်များသည် အသွင်ကူးပြောင်းရေးကောင်စီ တစ်ရပ်ကို ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိပြီး ဝန်ကြီးချုပ် အေရီရယ်ဟန်နရီ(Ariel Henry) က ထိုကောင်စီကို ဖွဲ့စည်းသည်နှင့် တစ်ပြိုင်နက် ရာထူးမှ နုတ်ထွက် မည်ဟု ကတိပြုထားသည်။

သို့သော် သူသည် လက်ရှိတွင် နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့ကို တပ်ဖြန့်ချထားပေးရန်အတွက် ဆွေးနွေးမှု လုပ်ဆောင်ရန် ကင်ညာနိုင်ငံသို့ ရောက်ရှိနေပြီးနောက် ထိုနိုင်ငံတွင် ဆက်လက် နေထိုင်လျက်ရှိသည်။

Source: ရိုက်တာ