CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၆

အကျဉ်းချခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံမှ စာရိတ္တပြုပြင် ထိန်းသိမ်းရေးဌာန၏ အရာရှိများထံသို့ လွှဲပြောင်း အပ်နှံသွားမည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့ အထွေထွေဆေးရုံသည် သက်ဆင် ဆေးရုံမှဆင်းမည့် အချိန်အတိအကျကို စာရိတ္တပြုပြင် ထိန်းသိမ်းရေး ဌာနသို့ အကြောင်းမကြားရသေးဘဲ သက်ဆင်၏ မိသားစုဝင်များကိုပင် အကြောင်းမကြားရသေးကြောင်း ဆေးရုံ၏ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး သီရိကူလ် သီရိစန္နာ (Sirikul Srisa-nga) က ပြောကြားခဲ့သည်။

ဖြူးထိုင်းပါတီ ခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ကမူ ၎င်းတို့ မိသားစုဝင် အားလုံးသည် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာမည့် သက်ဆင်အား သက်ဆင်မိသားစု၏ Chan Song La နေအိမ်တွင် ကြိုဆိုသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ပြောကြားခဲ့သည်။

ပေတုန်တန်ကို တွေ့ရစဉ်

သက်ဆင်၏ ကျန်းမာရေး အခြေအနေအပေါ် မေးခွန်းထုတ်နေကြသည့် ဆန့်ကျင်သူများရှိနေသဖြင့် သက်ဆင်ထံ သို့ လာရောက်တွေ့ဆုံခွင့်များကို တားမြစ်ပိတ်ပင်ထားကြောင်း ဆေးရုံ၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ သည်။

သက်ဆင်ကို ခံဝန်ဖြင့် ပြန်လွှတ်ပေးမှုကို ဆန့်ကျင်သည့် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဖီချစ် ချိုင်မွန်ခွန် (Phichit Chaimongkhon) ကမူ သက်ဆင်သည် ဆေးရုံမှ ဆင်းချိန်တွင် အကူအညီမပါဘဲ လမ်းလျှောက်နိုင်လိမ့်မည် ဟုတ်၊ မဟုတ်ကို သံသယရှိရကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းတို့အဖွဲ့အနေနှင့် သက်ဆင် ဆေးရုံမှ မဆင်းခင်အချိန်အထိ Chamaimaruchet တံတားပေါ်တွင် စုရုံး နေထိုင် သွားမည်ဖြစ်ကြောင်း ဖီချစ်က ပြောသည်။

အသက် ၇၀ ကျော်ရှိပြီဖြစ်သည့် သက်ဆင်သည် ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် ခံဝန်ဖြင့် လွတ်မြောက် သည့် ကာလအတွင်း အီလက်ထရောနစ် ခြေရာခံစောင့်ကြည့်မှု လက်ပတ်ကို ဝတ်ဆင်ရန် မလိုအပ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: Thai PBS World