CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈

လုံခြုံရေးတပ်ဖွဲ့က အလိုရှိနေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်ချိတ်ပိတ်ခံထားရသူ ဦးစောဆန်းဝင်းအား နစကမှ လူမှုထူးချွန်ဆုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့က ချီးမြှင့်ခဲ့သည်။

ဦးစောဆန်းဝင်းသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတစ်ပင်ကျေးရွာအုပ်စု၊ ကော့ကံကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ပေါင် PDF အဖွဲ့နှင့်ပတ်သက် ဆက်နွယ်သည်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်က အလိုရှိနေသူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၇ ရက်က ဦးစောဆန်းဝင်း၏ နေအိမ်တွင် မီးလန့်မှုဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာမှ ဝင်ရောက်စစ်ဆေးရာ နေအိမ်ဧည့်ခန်းထောင့်၌ ချိတ်ဆွဲထားသည့် ပလိုင်းအတွင်း လက်ပစ်ဗုံး (၁) လုံး၊ ၉ – မမ ကျည်အတောင့်(၅၀) နှင့် စနိုက်ပါမှန်ပြောင်းတစ်လက် တွေ့ရှိခဲ့သည်ဟုဆိုကာ ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။

လူမှုထူးချွန်ဆု ချီးမြှင့်ခံရသော ဦးစောဆန်းဝင်း နာမည်ကိုတွေ့ရစဉ်

ထို့နောက် လုံခြုံရေးတပ်ဖွဲ့က ဦးစောဆန်းဝင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့် ထားထားသည်။

ဦးစောဆန်းဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပေါင်မြို့နယ် အလုပ်အမှုဆောင်တစ်ဦးဖြစ်သည်။

အဆိုပါ အခြေအနေများ ဖြစ်တည်နေသော ဦးစောဆန်းဝင်းကို နစက-က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့က လူမှုထူးချွန် ပထမအဆင့် ချီးမြှင့်ခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ရှိတွင် ဆုကို ပယ်ဖျက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ပြန်လည် ဖြေကြားခဲ့သည်။