CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၈

ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစား လုပ်ငန်းနှင့်ပတ်သက်သည့် သံသယရှိသူ ၆ ဦးအပေါ် တရားစွဲဆိုထားသည့် စွဲချက်များကို ပယ်ချရန် ချောင်ဘူရီ (Chon Buri) ရဲတပ်ဖွဲ့၏ ဆုံးဖြတ်ချက်ကို အစိုးရရှေ့နေ့များက ကျော်လွန် ပယ်ချခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ထိုသံသယရှိသူ ၆ ဦးက ရဲတပ်ဖွဲ့သည် ၎င်းတို့အား ဘတ် သန်း ၁၄၀ ခန့် ခြိမ်းခြောက် ငွေညှစ်ခဲ့သည်ဟု အစော ပိုင်းက စွပ်စွဲခဲ့ကြသူများဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၉ ရက်က ချောင်ဘူရီပြည်နယ်ရှိ အစိုးရရှေ့နေများသည် ဆန်ဆွတ် (Sean Suk) ရဲစခန်း ရှိ ရဲတပ်ဖွဲ့ကို တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်မှု၊ ငွေကြေးခဝါချမှုများဖြင့် သံသယရှိသူ ၆ ဦးကို တရားစွဲဆိုရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု အစိုးရရှေ့နေရုံး၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဝါချာရင် ပါနူရတ် (Wacharin Panurat) က ပြောကြားခဲ့သည်။

လောင်းကစားလုပ်ငန်းသုံး ပစ္စည်းတွေကို တွေ့ရစဉ်

အစိုးရရှေ့နေများသည် သံသယရှိသူများအား သက်ဆိုင်ရာ စွဲချက်များအတွက် ဇန်နဝါရီ ၁၈ ရက်တွင် ရုံးချိန်း လာရောက်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်းလည်း စုံးစမ်းစစ်ဆေးရေးဌာနမှ လက်ထောက်အကြီးအကဲ မစ္စတာ ဝါချာရင်က ပြောကြားခဲ့သည်။ 

မည်သို့ပင်ဆိုစေ အခြားသက်သေ ထွက်ဆိုသူများကမူ သံသယရှိသူများကို တရားရေးအရ အရေးယူနိုင်မည့် ထွက်ဆိုချက်များကို ပြောကြားခဲ့ကြသဖြင့် ထိုသံသယရှိသူများအား ရုံးချိန်းခေါ်ရန် လုံလောက်သည့် သက်သေ အထောက်အထားများရှိသည်ဟု အစိုးရရှေ့နေများက ယုံကြည်ခဲ့ကြကြောင်း မစ္စတာ ဝါချာရင်က ပြောကြားခဲ့ သည်။

သံသယရှိသူ ၆ ဦးအနက် မကြာသေးမီက ချောင်ဘူရီရဲတပ်ဖွဲ့အား ခြိမ်းခြောက်ငွေညှစ်မှုဖြင့် စွပ်စွဲခဲ့သည့် သာနီဝတ် အူဒွမ်ချာဆက် (Thaninwat Udomchaoset)လည်း ပါဝင်ခဲ့သည်။

သာနီဝတ်က ပြီးခဲ့သည့်နှစ် မေလတွင် ၎င်းတို့ ဖမ်းဆီးခံခဲ့ရချိန်က ချောင်ဘူရီရဲတပ်ဖွဲ့သည် မိမိတို့ထံမှ ဘတ် သန်း ၁၄၀ ကို ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်သည်။

အပြန်အလှန်အနေဖြင့် Foxbet168 အမည်ရှိ ၎င်းတို့၏ အွန်လိုင်းလောင်းကစားလုပ်ငန်း လည်ပတ်မှုကို တရားရေး အရ အရေးယူခံရမည့် အခြေအနေနှင့် ဖမ်းဆီးခံထားရသည့် သံသယရှိသူများအား ပြန်လွှတ်ပေးမည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားခဲ့ကြောင်း သာနီဝတ်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်