CNI International News 

ဒါကာ၊ ဇန်နဝါရီ ၈

ဘဂ်လားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် Bangladesh Nationalist Party(BNP)ပါတီသည် ရွေးကောက်ပွဲမတိုင်မီ ၄၈ နာရီကြာ အထွေထွေသပိတ်ကို ဇန်နဝါရီ ၆ ရက်က စတင်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ဇန်နဝါရီ ၇ ရက်က အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၄၂,၀၀၀ ကျော်တွင် မဲပေးခဲ့ကြသည်။ 

ထိုရွေးကောက်ပွဲတွင် မဲပေးရန် စာရင်းပေးခဲ့သူပေါင်း ၁၁၉ သန်းကျော်ရှိခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ (Khaleda Zia) ဦးဆောင်သည့် BNP ပါတီနှင့် အခြား အတိုက်အခံအဖွဲ့များသည် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ သပိတ်မှောက်ခဲ့သည်။

Bangladesh Nationalist Party(BNP)ပါတီကို တွေ့ရစဉ်

စတုတ္ထမြောက် သက်တမ်းအတွက် အာဏာကို ထပ်မံရယူရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) လက်အောက်တွင် ကျင်းပသည့် ထိုရွေးကောက်ပွဲသည် တရားမျှတမှု ရှိ/မရှိ အာမ မခံနိုင် ကြောင်း ပြောကြားခဲ့သည်။

ထိုရွေးကောက်ပွဲကို နှောင့်ယှက်မည်ဟု BNP ပါတီက ပြောကြားခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် အတိုက်အခံ တက်ကြွ လှုပ်ရှားသူများက တာယာများကို မီးရှို့ခဲ့သလို လမ်းတစ်လမ်းအား ပိတ်ဆို့ဆန္ဒပြခဲ့ကြသဖြင့် သေနတ်များ ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကို တွေ့ရစဉ်

စစ်တကောင်း (Chittagong) မြို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဆန္ဒပြမှု၌ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၆၀ ခန့် ပါဝင်ခဲ့သည်။

လူဦးရေ ၁၆၉ သန်းရှိသည့် ဘင်္ဂလားဒေ့ရှ်တွင် အောက်တိုဘာလကတည်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများနှင့် ဆူပူ အုံကြွမှုများကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဇန်နဝါရီ ၅ ရက်ကလည်း ဒါကာမြို့တော်ရှိ ရထားတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူ ၄ ဦး သေဆုံးခဲ့သည်။

ထိုမီးလောင်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူ ၇ ဦးကို ဖမ်းဆီးခဲ့သည်။

Source: အေပီ