CNI International News

ပြုံယမ်း၊ ဇန်နဝါရီ ၁ 

မြောက်ကိုရီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း နောက်ထပ် စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တု ၃ စင်းကို လွှတ်တင်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အလားတူ နျူကလီးယားလက်နက်များကို ပိုမိုထုတ်လုပ်မည်ဖြစ်သလို ခေတ်မီ တိုက်ပွဲဝင်ပစ္စည်းများကိုလည်း ပြသသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သည့် ထိပ်တိုက်တွေ့သော လှုပ်ရှားမှုများကို ရင်ဆိုင်ရန် သာလွန်အင်အားဖြင့် စစ်ပွဲအတွက် အသင့် အနေအထားရှိမှုအား ပြင်ဆင်ရန် ကင်မ်က တိုက်တွန်းခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဒီဇင်ဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား အာဏာရပါတီ ကိုယ်စားလှယ်များကိုတွေ့ရစဉ်

ကင်မ်သည် လာမည့်နှစ်အတွက် နိုင်ငံ့မူဝါဒများ ချမှတ်ရန် အာဏာရ အလုပ်သမားပါတီ အစည်းအဝေးတွင် ထိုမှတ်ချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သဖြင့် သူသည် လာမည့်နှစ် နိုဝင်ဘာလ၌ ပြုလုပ်မည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်မီ လက်နက်စမ်းသပ်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် သံတမန်ပရိယာယ်ကို ကျင့်သုံးဖွယ်ရှိနေသည်။

ထို့ပြင် ကင်မ်သည် လက်နက်စမ်းသပ်မှုများကို ရပ်နားခြင်းအားဖြင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် ကမ်းလှမ်းဖွယ်ရှိသော်လည်း ၎င်း၏ နျူကလီးယားစီမံကိန်းကို အပြည့်အဝ စွန့်လွှတ်ဖွယ်မရှိကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၃၀ ရက်က ပြီးဆုံးခဲ့သည့် အလုပ်သမားပါတီ၏ ၅ ရက်ကြာ အစည်းအဝေးအတွင်း ကင်မ်က အမေရိကန် နှင့် ၎င်း၏ လက်အောက်ခံနိုင်ငံများသည် ၂၀၂၃ ခုနှစ်အတွင်းမှာ မြောက်ကိုရီးယားကို မကြုံစဖူး ဖိအားများပေးခဲ့ သဖြင့် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားစစ်ပွဲ ဖြစ်ပွားလုနီး အခြေအနေသို့ ရောက်ရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။

 မြောက်ကိုရီးယား အာဏာရပါတီ ကိုယ်စားလှယ်များကိုတွေ့ရစဉ်

"ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ကျနော်တို့ဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်ရတဲ့ အခြေအနေအထိ ရောက်ရှိစေခဲ့ပါတယ်"ဟု ကင်မ်က ပြောကြားခဲ့ကြောင်း KCNA မှ ဖော်ပြခဲ့သည်။

ကင်မ်သည် ယခုနှစ် နိုဝင်ဘာလက မြောက်ကိုရီးယား၏ ပထမဆုံး စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် နောက်ထပ် စစ်ဘက်သုံးဂြိုဟ်တု ၃ စင်းကို လွှတ်တင်ရန် စီစဉ်လျက်ရှိ သည်။

ထို့ပြင် နျူကလီယားလက်နက်များ၊ တိုက်ခိုက်ရေးဒရုန်းများ၊ အီလက်ထရောနစ် စစ်ဆင်ရေး ပစ္စည်းများကဲ့သို့ ခေတ်မီ တိုက်ပွဲဝင် လက်နက်မျိုးစုံကို ထုတ်လုပ်ရန်လည်း ကင်မ်က သက်ဆိုင်ရာ အာဏာပိုင်များကို တိုက်တွန်း ခဲ့သည်ဟု KCNA မှ ဖော်ပြခဲ့သည်။

Source: အေပီ