CNI International News

တိုကျို၊ ဒီဇင်ဘာ ၁၈

ထိုင်ဝမ်နှင့် တရုတ်အကြား ပဋိပက္ခဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် ဂျပန်သည် ကြားဝင်လုပ်ဆောင်နိုင်ခြေ နည်းပါးသည်ဟု ကျွမ်းကျင်သူများက ပြောကြောင်း Japan Times မှ ဖော်ပြခဲ့သည်။ 

မကြာသေးမီနှစ်များအတွင်း ဂျပန်သည် မြောက်ဘက်တွင် ရုရှား၊ အနောက်ဘက်တွင် တရုတ်နှင့် မြောက်ကိုရီး ယား အစရှိသည့် နိုင်ငံများ၏ မြင့်တက်လာသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရသည်။ 

ထို့ကြောင့်် ဂျပန်သည် ၎င်း၏ စစ်ရေးအင်အားကို ပိုမိုမြှင့်တင်ရန် ပြင်ဆင်လာခဲ့သည်။ 

မည်သို့ပင်ဆိုစေ အနာဂတ်တွင် တရုတ်နှင့် ထိုင်ဝမ်အကြား ထိုင်ဝမ်ရေလက်ကြား၌ ပဋိပက္ခဖြစ်ပွား လာခဲ့မည် ဆိုပါက ဂျပန်သည် ထိုအရေး၌ ပါဝင်နိုင်ခြေနည်းပါးသည်ဟု အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် ဂျွန် မီယာရှိုင်မာ (John Mearsheimer) က ပြောကြားခဲ့သည်။ 

ဂျပန်စစ်သားကိုတွေ့ရစဉ်

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) သည် မကြာသေးမီက ထိုင်ဝမ်လိုလားသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအသစ်နှစ်ဦးကို ခန့်အပ်ခဲ့သည်။ 

ထို့ပြင် ဂျပန်၏ ကာကွယ်ရေး အသုံးစရိတ်ကိုလည်း အဆမတန်တိုးမြှင့်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ကာကွယ်ရေး အသုံးစရိတ်ကို ယန်း ၄၃ ထရီလျံ ( ဒေါ်လာ ၂၈၆) ဘီလျံအထိ တိုးမြှင့်ခဲ့သည်။

ထိုပမာဏသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကာကွယ်ရေး အသုံးစရိတ်ထက် ၅၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ ခြင်းဖြစ်သည်။

သို့သော် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အလွန်အရေးကြီးသည့် စိတ်မှန်းဖြစ်နိုင်ခြေ ၂ ချက်ကို စဉ်းစားရမည် ဖြစ်သည်။ 

ပထမ ၁ ချက်မှာ ထိုင်ဝမ်သည် လွတ်လပ်ရေး ကြေညာခဲ့လျှင် တရုတ်က ထိုင်ဝမ်ကို ဝင်ရောက်ကျူးကျော်ဖွယ် ရှိသည်။ 

ထိုအခြေအနေမျိုးတွင် အမေရိကန်က ကြားဝင်ဖွယ်ရှိနေသည့်တိုင် ဂျပန်က တိုက်ရိုက် လုပ်ဆောင်နိုင်ခြေမှာ နည်းပါးလှသည်။

အမေရိကန်နှင့် ဂျပန်သည် ထိုင်ဝမ်ရေလက်ကြား၏ ရှိရင်းစွဲ အခြေအနေကို ဆက်လက်ထိန်းသိမ်းရန် အမြဲတမ်း ကြိုးပမ်းခဲ့သည်။ 

တရုတ်စစ်တပ်ကိုတွေ့ရစဉ်

အကယ်၍ ထိုင်ဝမ်ကသာ လွတ်လပ်ရေးကြေညာခဲ့မည်ဆိုပါက ထိုအခြေအနေသည် ပျက်ယွင်းသွားဖွယ်ရှိသည်။ 

ဒုတိယအချက်မှာ တရုတ်က ထိုင်ဝမ်ကို အကြောင်းမဲ့သက်သက် ကျူးကျော်မည့် အခြေအနေဖြစ်သည်။ 

ထိုအခြေအနေမျိုးတွင် အမေရိကန်နှင့် ဂျပန်၏ ကြားဝင်နိုင်သည့် အခြေအနေသည် ပိုမိုမြင့်မားနိုင်သော်လည်း အမေရိကန်အနေနှင့် ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို အသုံးပြုခွင့် ရှိ/မရှိ ဆိုသည့် အချက်အပေါ်တွင် မူတည် သည်။

ဂျပန်အနေဖြင့် ထိုအခြေအနေမျိုးတွင် အမေရိကန်အား နိုင်ငံအတွင်းရှိ စစ်စခန်းများကို အသုံးပြုခွင့် ပေးမည် ဆိုပါက တရုတ်ကလည်း ဂျပန်ရှိ ထိုစစ်စခန်းများကို တိုက်ခိုက်မည်ဖြစ်သည်။ 

ထို့ကြောင့် တရုတ်နှင့် ထိုင်ဝမ် ပဋိပက္ခ ဖြစ်ပွားလာမည်ဆိုပါက ဂျပန်သည် ၎င်း၏ အကျိုးစီးပွားများကို တိုက်ရိုက် ထိပါးမှုမရှိမချင်း ကြားဝင်နိုင်ခြေ နည်းပါးသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။