CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅

လက်နက်ကိုင်အဖွဲ့များအနေဖြင့် မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိ ပြည်သူများကသာ ခံစားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစက၏ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပခဲ့ပြီး အထက်ပါအတိုင်း ၎င်းက ပြောသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရခိုင်ဒေသသည် သဘာဝ ဘေးအန္တရာယ်ကိုလည်း မကြာခဏခံစားရလျက် ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မကြာခဏ ဆောင်ရွက်ပေးနေ ရကြောင်း၊ ထို့ပြင် ဘင်္ဂါလီအရေးအခင်းကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ ယခုထပ်မံ၍ AA လက်နက်ကိုင်အဖွဲ့ အနေဖြင့် မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝဒေသတို့တွင် လက်နက်ကိုင်အကြမ်းဖက်မှုများ ဖန်တီးလျက်ရှိ ကြောင်း၊ ထိုကဲ့သို့ ဒေသတွင်း၌ ပဋိပက္ခများဖြစ်ပေါ်နေခြင်း၏ ဆိုးကျိုးကို ဒေသခံများကသာ ခံစားရမည်”ဟု ပြောသည်။

တိုက်ပွဲရှောင်များကိုတွေ့ရစဉ်

ယခုဖြစ်ပေါ်နေသည့် လက်နက်ကိုင် လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ဒေသခံများအနေ ဖြင့် ထပ်မံ ခံစားကြုံတွေ့နေရကြောင်း၊ မိမိတို့ဒေသ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရမည့် အချိန်တွင် လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများကို ပြန်လည် တည်ဆောက်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်သာ အချိန်ကုန်ပြီး ငွေကြေးများသုံးစွဲနေရကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကယားပြည်နယ်၊ လွိုင်ကော်ဒေသတွင် ယခင်နှစ်ကလည်း KNPP နှင့် KNDF အကြမ်းဖက်အဖွဲ့များကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အခြေအနေများ ပြန်လည်တည်ငြိမ်ခဲ့ချိန်တွင် ပြည်သူများအနေဖြင့် ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ၎င်းတို့၏ ချွေးနည်းစာဖြင့် ဆောင် ရွက်ခဲ့ကြကြောင်း၊ ယခုအခါ KNPP အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ရှိ နေအိမ် အဆောက်အဦများစွာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလွန်ပင် ခက်ခဲသွားပြီ ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ဆက်လက်၍ မိုက်တွန်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့် ဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေစွာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ် ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်လိုမည်”ဟု ပြောသည်။

ထို့ကြောင့် မိမိတို့ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို ကြည့်၍ ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ လျှောက် လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် ၎င်းတို့တောင်းဆိုနေသည့် အချက်များအားလုံး ပါဝင်ပြီးဖြစ်ပြီး ပြည်ထောင်စုကြီး လုံးဝပြိုကွဲ၍ ရမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

MNDAA-AA-TNLA ပူးပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ်

လက်ရှိ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်(ကော့ကရိတ်မြို့နယ်)၊ ကယားပြည်နယ် (လွိုင်ကော်)၊ ချင်းပြည်နယ်(အိန္ဒိယနယ်စပ်)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် မြန်မာ့တပ် မတော်နှင့် KIA-KNU-AA-MNDAA-TNLA-ABSDF-PDF-BPLA-KNDF စသည့် လက်နက်ကိုင်များဖြင့် တိုက်ပွဲ များ ဖြစ်ပွားနေသည်။

ထို့ကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၊ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေပြီး ကုန်သွယ်မှု ပမာဏ ဒေါ်လာ သန်းနှင့်ချီ ဆုံးရှုံးနစ်နာလျက်ရှိနေသည်။

အလားတူ ဒေသတွင်းနေ ပြည်သူလူထုများသည် ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကို ခံနေကြရသလို လိုအပ်သော ကုန်စည်များ၊ ဆေးဝါးများ၊ စားသောက်ကုန်များ အချိန်နှင့်တပြေးညီ ဝယ်ယူနိုင်ရန် ခက်ခဲလာနေကြောင်း၊ စက်သုံးဆီ လုံလောက်မှုမရှိဘဲ ဒေသအများစုတွင် ပြတ်လပ်လျက်ရှိကြောင်း သိရသည်။