CNI International News

စကိုပီယာ၊ ဒီဇင်ဘာ ၁

ဟားမာ့စ်အဖွဲ့ ဖမ်းဆီးထားသည့် ဓားစာခံအားလုံး မလွတ်မြောက်မချင်း၊ ဟားမာ့စ်အဖွဲ့ကို အပြီးသတ် မချေမှုန်းနိုင်မချင်း အစ္စရေးအနေနှင့် စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အီလီ ကိုဟန် (Eli Cohan) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့ သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ကိုဟန်သည် မက်ဆီဒိုးနီးယားနိုင်ငံ၊ စကိုပီယာ (Skopje) မြို့တော်တွင် ပြုလုပ်သည့် နှစ်ရက်ကြာ OSCE ဝန်ကြီးအဆင့် အစည်းအဝေး၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

"ကျနော်တို့ဟာ ကျနော်တို့ရဲ့ ဓားစားခံအားလုံး ပြန်မလွတ်မချင်း၊ ဟားမာ့စ်အဖွဲ့ကို မချေမှုန်းနိုင်မချင်း ဆက်လက် တိုက်ခိုက်သွားမှာပါ။ အခုလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို မဖြစ်စေဖို့အတွက် ကမ္ဘာကြီးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို ဟားမာ့စ်ရဲ့ လက်အောက်က လွတ်မြောက်စေဖို့ စည်းလုံးညီညွတ်စွာ ရှိသင့်ပါတယ်" ဟု ကိုဟန်က သတင်းထောက် များကို ပြောကြားခဲ့သည်။ 

ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲဒဏ်ခံထားရစဉ်

ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်သည့် ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးတွင် လူပေါင်း ၁၂၀၀ ခန့်အား သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အစ္စရေး အရာရှိများက ထုတ်ပြန်ခဲ့သည်။ 
ဂျေရုဆလင် (Jerusalem) ၏ မြို့ဟောင်း (Old City) ရှိ Al-Aqsa ဗလီကို အစ္စရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့မှုကို တုန့်ပြန်သည့်အနေဖြင့် ထိုတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဟားမာ့စ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံပိတ်ဆို့ကာ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များ ပြုလုပ်ခဲ့သလို လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာဒေသများတွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ 

Source: တာ့စ်