CNI International News

မော်စကို၊ ဒီဇင်ဘာ ၁

နေတိုးနှင့် ယူကရိန်းအကြား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သစ်သည် ရန်လိုသည့်သဘောကို ဆောင်နေသဖြင့် ရုရှားနိုင်ငံအနေဖြင့် ထိုအစီအစဉ်အား နှစ်သက်ခြင်းမရှိကြောင်း ရုရှားအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

"နေတိုးဟာ ယူကရိန်းနဲ့ အပြန်အလှန် အကျိုးပြု ဆောင်ရွက်မှုတွေကို ဆက်လက် လုပ်ဆောင်နေတယ်ဆိုတာ ရှင်းနေပါတယ်။ ဟုတ်ပါတယ်။ အဲဒီအခြေအနေကို ကျနော်တို့ နှစ်သက်ခြင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ နေတိုး ရဲ့ လုပ်ဆောင်မှုတွေဟာ ကျနော်တို့ရဲ့ လုံခြုံရေးကို ရန်လိုနေလို့ ဖြစ်ပါတယ်" ဟု ပက်စကော့ဗ်က ပြောသည်။

ထိုအစီအစဉ်သစ်တွင် ယူကရိန်းအတွက် ထောက်ပံ့မှု ပုံစံအသစ်များ ပါဝင်ခြင်းမရှိသလို ထိုပူးပေါင်း ဆောင်ရွက်မှု သည်လည်း ပထမဆုံးအကြိမ် မဟုတ်ကြောင်း ပက်စ်ကော့ဗ်က ပြောသည်။

နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘာ့ချ်ကို တွေ့ရစဉ်

နေတိုးအဖွဲ့နှင့် ယူကရိန်းအကြား စွမ်းအင်လုံခြုံရေးနှင့် ယူကရိန်းစစ်တပ်အား လေ့ကျင့်သင်ကြားပေးမှု အပါအဝင် လာမည့်နှစ်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည့် အစီအစဉ်ကို နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ် စတိုတန်ဘာ့ချ် (Jens Stoltenberg) က နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့သည့် နေတိုးအစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။ 

ထိုပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် ယူကရိန်းနှင့် နေတိုးအဖွဲ့အကြား အနာဂတ်၌ ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များကို ဖော်ပြထားသည်။

သို့သော်လည်း ယူကရိန်းကို စစ်ရေးအရ ကူညီထောက်ပံ့ပေးမည့် လက်တွေ့ကျသည့် အစီအစဉ်များ ပါဝင်ခဲ့ခြင်း မရှိပေ။

Source: တာ့စ်