CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁၇

အမေရိကန်ရေတပ် စစ်သင်္ဘောတစ်စင်းသည် ပင်လယ်နီတောင်ပိုင်းတွင် ယီမင်နိုင်ငံမှ ပစ်လာသည့် ဒရုန်း တစ်စင်းကို ပစ်ချခဲ့သည်ဟု အမေရိကန်အရာရှိများက နိုဝင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုဒရုန်းသည် ပင်လယ်နီ (Red Sea) အတွင်းရှိ အမေရိကန်စစ်သင်္ဘောထံသို့ ဦးတည် ပျံသန်းလာခဲ့ခြင်း ဖြစ်သည် ဟု အမေရိကန်အရာရှိများက ပြောသည်။

အမေရိကန်ရေတပ်မှ ဖျက်သင်္ဘော USS Thomas Hundner သည် ဘက်ဘ် အယ်လ် မန်ဒက် (Bab-el-Mandeb) ရေလက်ကြားဆီသို့ ဦးတည်မောင်းနှင်နေချိန်အတွင်း သင်္ဘောအမှုထမ်းများသည် ဒရုန်းကို မြင်တွေ့ခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။

ယီမင်နိုင်ငံအလံကို တွေ့ရစဉ်

သင်္ဘောအမှုထမ်းများသည် အမေရိကန်စစ်မှုထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် သင့်တော်သလို တုန့်ပြန် ဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူမရှိခဲ့ဟု အမေရိကန်အရာရှိများက ပြောသည်။

ထို့အပြင် သင်္ဘောပေါ်တွင်လည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

ကနဦးထွက်ပေါ်လာသည့် ထောက်လှမ်းရေး လေ့လာသုံးသပ်ချက်များအရ ထိုဒရုန်းသည် အမေရိကန် ဖျက်သင်္ဘောကို ပစ်မှတ်ထားခဲ့ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်ဟု ၎င်းအရာရှိများက ပြောသည်။
 
ထိုဒရုန်း လွှတ်တင်မှုအတွက် အမေရိကန်က အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဟူရ်သီ (Houthi) သူပုန်များကို တိုက်ရိုက် အပြစ်တင်ခဲ့ခြင်း မရှိပေ။

အမေရိကန် ရေတပ်ကိုတွေ့ရစဉ်

ပင်လယ်နီပေါ်တွင် အမေရိကန်ဒရုန်းတစ်စင်းကို ဟူရ်သီသူပုန်များက ပစ်ချခဲ့ပြီးနောက် သီတင်းတစ်ပတ် မပြည့်မီ အချိန်မှာပင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်အရာရှိများကမူ MQ-9 Reaper ဒရုန်းသည် နိုင်ငံတကာ လေပိုင်နက်အတွင်း ပစ်ချခံခဲ့ရခြင်း ဖြစ်သည် ဟု ပြောကြားခဲ့သော်လည်း ဟူရ်သီသူပုန်များကမူ ထိုဒရုန်းသည် ယီမင်လေပိုင်နက်အတွင်း ဝင်ရောက်လာသဖြင့် လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစ္စရေးကို ဟားမာ့စ်အဖွဲ့က အောက်တိုဘာ ၇ ရက်တွင် စတင်တိုက်ခိုက် ခဲ့ချိန်ကတည်းက ဟူရ်သီ လက်နက် ကိုင်များသည် အစ္စရေးကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ဟူရ်သီအဖွဲ့ ခေါင်းဆောင် အဗ္ဗဒူ မာလစ် အယ် ဟူရ်သီ (Abdul Malik al-Houthi) က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၉ ရက်ကလည်း ပင်လယ်နီတွင် အခြား အမေရိကန် ဖျက်သင်္ဘော တစ်စင်းဖြစ်သည့် USS Carney သည် ယီမင်နိုင်ငံမှ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များနှင့် ဒရုန်းများကို ကြားဖြတ်ပစ်ခဲ့သည်။

Source: အေပီ