CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀

ညီနောင်မဟာမိတ် ၃ ဖွဲ့ (AA-TNLA-MNDAA) က ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် တရုတ်အနေဖြင့် မည်ကဲ့သို့ သဘောထားနေသလဲဆိုသည်ကို နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူများကြား သုံးသပ်ဆွေးနွေးလျက် ရှိနေသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးမှာ တရုတ်-မြန်မာ နယ်စပ်(ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ) အနီးတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပြီး တရုတ်နိုင်ငံအတွင်း ဒေသခံများ ဝင်ရောက် တိုက်ပွဲရှောင်မှုများလည်း ရှိနေသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ဖော်ဆောင်နေသော စစ်ဆင်ရေးမှာ တရုတ်ကို အသိပေးပြီး လုပ်ဆောင်ခြင်းဟု ယူဆကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “တရုတ်က သူ့တို့ အသိပေးပြီးတော့ Knowledge အောက်မှာပဲ ဖြစ်တယ်လို့ ထင်တယ်၊ ဘာကြောင့်လဲ ဆိုတော့ တရုတ်က တိုက်ရိုက်တော့ ပြောမှာ မဟုတ်ဘူး။ “ဝ”က တဆင့်ရှိမယ်၊ နောက်ပြီးတော့ ဟိုဆရာကြီး ပြောသလိုပေါ့၊ ဝေဖန်တဲ့ ဆရာကြီးပြောသလို ကချင်ကလည်း စစ်ဆင်ရေး ရေးဆွဲတဲ့ ပုံစံမှာ ကချင်လည်း ပါချင် ပါနိုင်တာပေါ့ဗျာ၊ အဲဒါဆိုတော့ ကချင်ရယ်၊ “ဝ” ရယ်၊ တရုတ်ရယ်က သုံးပွင်ဆိုင်က အနောက်မှာ ရှိတဲ့သဘောပေါ့၊ ခန့်မှန်းလို့ရတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်အဖွဲ့များမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို ထိန်းချုပ်ထားပြီးဟု ထုတ်ပြန်လာခဲ့သည်။

တရုတ်အထူးကိုယ်စားလှယ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထို့နောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ရန် မြန်မာ့တပ်မတော်ကလည်း ဆောင်ရွက်လျက် ရှိနေသလို လိုအပ်သည့် တန်ပြန်ချေမှုန်းမှုများ ပြုလုပ်သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် တရုတ်မှာ အကျိုးစီးပွားဆိုင်ရာ ချိတ်ဆက်ပတ်သက်မှုများ ရှိနေခြင်းကို တွေ့ရ ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းကြည်ဇင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကကတော့ သူတို့ရဲ့ ကြေညာချက်တွေ၊ နောက် သူ့တို့ရဲ့ မိန့်ခွန်းတွေ၊ နောက် သူတို့ရဲ့ မီဒီယာတွေမှာ တင်ပြတဲ့ဟာတွေအရရော၊ အရှေ့ဒီတိုက်ပွဲတွေ မစခင်မှာကတည်းက နယ်စပ်ဖြတ်ကျော်ပြီး ကျူးလွန်နေတဲ့ ဒုစရိုက်မှုတွေ၊ ရာဇဝတ်မှုတွေရှိတယ်၊ အဲဒီ ရာဇဝတ်မှု ကျူးလွန်နေတဲ့ အစုအဖွဲ့တွေရှိမယ်၊ အဲဒီအစုအဖွဲ့တွေနဲ့ ပတ်သက် ချိတ်ဆက်မှုတွေရှိတယ်၊ အဲဒါတွေကို သူတို့ ထိထိရောက်ရောက် အရေးမယူနိုင်ဘူး ဆိုတဲ့ဟာတွေ ပါတယ်၊ နောက်တစ်ခုကတော့ အခုလက်ရှိ ကာလအတွင်းပေါ့ ကိုဗစ်အလွန်ကာလမှာ သူတို့ စီးပွားရေးအရ ပြန်လည်ထူထောင်ရေးကိစ္စတွေ နောက်တရုတ်ရဲ့ အဓိက စီမံချက်ကြီးဖြစ်တဲ့ ပိုးလမ်းမစီမံကိန်းဆိုင်ရာ ဆောင်ရွက်ရမယ့် ကိစ္စတွေ အဲဒီဟာတွေ ရှိနေတယ်ဆိုတော့ တရုတ်ရဲ့ အကျိုးအမြတ်အခြေပြု စဉ်းစားတဲ့ စဉ်းစားမှုတွေကြောင့် ပါမယ်လို့ ကျနော်တို့ ယူဆကြတယ်၊ အဲဒီလိုပဲ အခုပါဝင်ပတ်သက်နေတဲ့ ညီနောင် ၃ ဖွဲ့ ဆိုရင်လည်း ကျနော်တို့ ဒီနှစ်ဆန်းပိုင်းမှာပေါ့နော် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးတဲ့ ကိစ္စတွေမှာ တရုတ်ရဲ့ ဦးဆောင်မှုနဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်လာအောင် သူတို့ ကြိုဆိုတယ်ဆိုတဲ့ဟာ သူတို့ ထုတ်ပြန် ကြေညာခဲ့တာမျိုး ရှိတယ်၊ အဲဒီလိုမျိုးနဲ့ တခြားထုတ်ပြန် ကြေညာချက်တွေ တခြားသတင်း အချက်အလက်တွေ အရရော ကြည့်မယ်ဆိုရင် ဒီညီနောင် ၃ ဖော်ကတော့ တရုတ်နဲ့ အနည်းနဲ့အများ ကျနော်တို့ အကျိုးစီးပွားဆိုင်ရာ ချိတ်ဆက်ပတ်သက်မှုတွေ ရှိနေတယ်ဆိုတာ တွေ့ရတယ်” ဟု ပြောသည်။

MNDAA ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါ၀င်နေတဲ့ ရဲဘော်များကိုတွေ့ရစဉ်

တရုတ်အနေဖြင့် မြန်မာပြည်မှာ တည်ငြိမ်သော အစိုးရကို လိုချင်ကြောင်း၊ မူဝါဒအရ ညီနောင်မဟာမိတ်အဖွဲ့ကို ကူညီမှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်-မြန်မာ Gas ပိုက်လိုင်းနဲ့ ဆီပိုက်လိုင်းကြီးက သူ့အတွက် ပိုပြီး အဓိကကျလိမ့်မယ်၊ အဲဒီတော့ မြန်မာပြည်မှာ တည်ငြိမ်တဲ့အေးချမ်းတဲ့ အစိုးရရှိပြီးတော့ သူတစ်ယောက်ထဲနဲ့ စကားပြောချင်မှာပေါ့၊ ပြောရမယ် ဆိုရင် ကချင်အစိုးရ၊ ပလောင်အစိုးရ၊ ရခိုင်အစိုးရဆိုပြီးတော့ သူဒီလို မပြောချင်ဘူးလေ၊ ဒါသဘာဝပဲ။ တရုတ်က တော့ အေးချမ်းစေချင်တဲ့ အတွက်ကြောင့်မို့လို့ သူကျင့်သုံးတဲ့ တစ်နိုင်ငံစနစ် ၂ မျိုးများ အဆင်ပြေမလားဆိုပြီး သူအဲဒါလေး လာပြီးတော့ offer တော့ လုပ်တာပေါ့ဗျာ၊ စမ်းကြည့်ပါလို့တော့ သူပြောမှာပေါ့နော်၊ ဒါပေမဲ့ ဒီမှာ တော့ အနေအထားက အခုထိတော့ လုပ်ဖြစ်မယ့်ပုံတော့ မပေါ်သေးဘူးပေါ့နော်၊ အဲဒီတော့ တရုတ်ကတော့ မူဝါဒအရ ဘာမှ သူမကူညီပါဘူး” ဟု ပြောသည်။

တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသလို မြန်မာပြည်အတွင်းတွင်လည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ များစွာရှိနေကြောင်း သိရသည်။

တခြားတစ်ဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေးနှင့်အပြိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ KIA၊ AA၊ ABSDF၊ PDF များ ပူးပေါင်း၍ ထီးချိုင့်၊ ကောလင်း၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ တမူး၊ ခမ်းပတ်၊ ဟုမ္မလင်း၊ ကလေး စသည့် ဒေသများ သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားလျက်ရှိနေသည်။