CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉

နေပြည်တော်ကို ခြိမ်းခြောက်နိုင်သည့် စစ်ရေးနေရာများအား တပ်မတော်အနေဖြင့်  ဦးစားပေး ဆောင်ရွက်နေ ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဦးစားပေး ဆောင်ရွက်နေ ကြောင်း၊ ထို့နောက် ကယား(ကရင်နီ) ပြည်နယ်ကိုလည်း ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သူက မကွေး၊ စစ်ကိုင်း၊ မန္တလေးပေါ့၊ ဒါက သူ့ဦးစားပေးပေါ့၊ ဘာလို့ဆိုတော့ နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့ နေရာတွေပေါ့၊ ဒုတိယကတော့ ကရင်နီပေါ့၊ ကရင်နီ စစ်မျက်နှာမှာလည်း သူတော်တော်လေး လုပ်ထားပါတယ်။ ဆက်ကြိုးစားပြီး ထိန်းထားပါတယ်။ အဲဒီနှစ်ခုပါပဲ၊ ကျန်တဲ့နေရာတွေတော့ ချင်းတို့လို နောက်ပြီးတော့ KNU နယ်မြေတို့လိုကတော့ သိပ်ပြီးတော့ ဦးစားပေးတာ မတွေ့ရဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ပြည်နယ်နဲ့သူ သူ့နေရာနဲ့သူ ဒါက အချိန်မရွေး ပြန်လည်ထိန်းချုပ်လို့ ရတယ်လို့ သူက တွက်တာပေါ့၊ အလယ်ပိုင်းမှာ ခြိမ်းခြောက်နေတဲ့ အင်အားစုတွေကိုတော့ အဓိက ဖြေရှင်းသွားမယ်လို့ ယူဆရပါတယ်ဗျ” ဟု ပြောသည်။

နေပြည်တော်မြို့တွင်း တစ်နေရာကိုတွေ့ရစဉ်

လက်ရှိတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်ကစပြီး မြန်မာ့တပ်မတော်နှင့် ညီနောင် မဟာမိတ်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့နှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

တပ်မတော်အနေဖြင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်နိုင်ရေး အဓိက လုပ်ဆောင်မှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

 MICC-2 သွား လမ်းညွှန်ကိုတွေ့ရစဉ်

၎င်းက “အဓိကကတော့ တရုတ်ပြည်နဲ့ ကျနော်တို့ နယ်စပ်ကုန်သွယ်ရေးပေါ့နော်၊ နယ်စပ်ကုန်သွယ်ရေးကိုပဲ အဓိကထားပြီးတော့ ဆင်နွှဲမှာပေါ့၊ ကျန်တဲ့အပိုင်းကတော့ အဲဒီလောက် အရေးမကြီးဘူးပေါ့နော်၊ ကောလင်းတို့ ဘာတို့ ကောလင်းမှာက ဘာတပ်မှ မရှိဘူး။ အားလုံးကိုတော့ သူကာမှာ မဟုတ်ဘူး။ အားလုံးကို မကာဘူး၊ တချို့ ကို သူထိန်းထားမယ်၊ ကောလင်းရဲ့ အပေါ်က ဆယ်မိုင်ကျော်လောက်မှာ ဝန်းသိုရှိတယ်၊ ဝန်းသိုမှာ တပ်ရင်းဌာန ချုပ် တစ်ခုရှိမယ်၊ ဆက်တိုက်လေ သူတိုက်လို့ ရလို့ရှိရင် အဓိက ဒါပဲပေါ့နော်၊ နောက် ကောလင်းရဲ့ တောင်ဖက်ကို ဆင်းလာလို့ရှိရင် ကန့်ဘလူမှာ ဆရာတော် ဦးအာသဝရဲ့ ကန့်ဘလူပြည်သူ့စစ်တွေ ရှိတယ်လေ၊ အဲဒါတွေက အင်အား ထောင်နဲ့ချီတယ်၊ အဲဒီတော့ တပြိုင်နက် လောလောဆယ်မှာတော့ ဂျောင်ကျနေတာပေါ့ဗျာ၊ ဒီနေရာမှာ တော့ တတ်နိုင်သမျှတော့ အကုန်လုံး ဟိုပါဒီပါတော့ အပါတော့ မခံဘူးပေါ့၊ ဒါပေမဲ့ သိပ်တော့ အလေးမပေးတာ မဟုတ်ဘူးပေါ့၊ အဓိကတော့ မြန်မာ-တရုတ် ကုန်သွယ်ရေး လမ်းကြောင်းကိုတော့ သူအဲဒါကိုတော့ ဖွင့်ထားအောင် သူလုပ်မှာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးတွင် မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့တိုက်ခိုက်နေကြောင်း၊ တပ်မတော်အနေဖြင့်လည်း လိုအပ်သော ပြန်လည် တုန့်ပြန်မှု များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။