CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁

မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများ အရေးနှင့် ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး အဖြစ်တာဝန်ယူထားသူ H.E. Mr. Wang Xiaohong နှင့် နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အောက်တိုဘာ ၃၁ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။

ထို့နောက် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသ(လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ သိန်းနီ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း)တွင် MNDAA (ကိုးကန့်တပ်ဖွဲ့)က လုံခြုံရေးစခန်းများအား တိုက်ခိုက်မှုများ အခြေအနေနှင့် လောက် ကိုင် ဒေသတွင် အွန်လိုင်းလောင်းကစားများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများ ဆောင်ရွက်နေမှုများအား နှစ်နိုင်ငံ ပူးပေါင်း၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုးကန့် (MNDAA)တပ်ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီတိုးဂိတ်ကို စီးနင်းထားစဉ်

မြန်မာ့နိုင်ငံရေး အပါအဝင် အခြားကမ္ဘာ့နိုင်ငံအရေးများ၌ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုမှ ဝင်ရောက်စွက်ဖက်၍ ၎င်းတို့နိုင်ငံ၏ အကျိုးအတွက်သာကြည့်ပြီး အခြား နိုင်ငံများအပေါ် Double Standard ဖြင့် ချယ်လှယ်ဆောင် ရွက်နေမှု အခြေအနေများကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးချိန် ကတည်းက တိုင်းရင်းသားအဖွဲ့များအချင်းချင်း အားပြိုင်မှုများဖြစ်ပေါ်ကာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ များ ဖြစ်ပေါ်ခဲ့မှုနှင့် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ထိုဒေသအတွင်း မူးယစ်ဆေးဝါး များ ထုတ်လုပ်ရောင်းချလျက်ရှိမှုတို့ကို တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးအား ရှင်းပြခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုးကန့်ဒေသအတွင်း “ဖုန်”/ “ရန်”အဖွဲ့တို့ အရေးအခင်း ဖြစ်ပွားခဲ့မှု၊ “ပယ်”အဖွဲ့အား တာဝန်ပေး အပ်ခဲ့မှု၊ အာဏာရလိုမှု၊ လက်နက်ခဲယမ်းများ ထုတ်လုပ်နေမှု၊ လက်နက်ခဲယမ်းများ ဝင်ရောက်မှုများကြောင့် ဒေသတွင်းနှင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးကို ထိခိုက်ပျက်စီးနေမှု၊ နယ်စပ်ဒေသတွင် တရားမဝင် အွန်လိုင်း လောင်းကစားမှုများနှင့် ဆက်သွယ်ရေး လိမ်လည်မှုများ ဖြစ်ပေါ်လျက်ရှိမှုတို့ကို အရင်းအမြစ်ကစ၍ နှိမ်နင်းဖော်ထုတ်သွားမည့် အခြေအနေများကိုလည်း နစကဥက္ကဋ္ဌက ချပြ ဆွေးနွေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး အဖြစ်တာဝန်ယူထားသူ H.E. Mr. Wang Xiaohong ကိုတွေ့ရစဉ်

ကိုးကန့်တပ်ဖွဲ့(MNDAA)သည် မဟာမိတ်များဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA )၊ ရက္ခိုင့်တပ်တော်(AA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့နှင့် ပူးတွဲ့၍ ရှမ်းပြည်နယ်(မြောက် ပိုင်း)မှာ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ နှစ်ဖက် တိုက်ပွဲများ ပြင်းထန် လျက်ရှိနေသည်။

တခြားတစ်ဖက်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာ့တပ်မတော်ကြား ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲများ ပြင်းထန်နေသလို မြစ်ကြီးနား-ဗန်းမော်သွားလမ်းပေါ်ရှိ တပ်မတော်စခန်းများကို KIA က သိမ်းပိုက်လျက်ရှိနေသည်။