CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းမှာ ၂၀၂၇ ခုနှစ်အထိ ဆက်ရှိမယ့်စာချုပ်ကို သက်တမ်းတိုးချင်နေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ကစားသမားဘဝက အနားယူမယ့် အရိပ်အယောင် ပြသ ခြင်း မရှိသေးဘဲ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးနေသလို အယ်လ်နာဆာအသင်းအတွက် ၃၆ ပွဲကစားအပြီးမှာ ၃၁ ဂိုးသွင်းယူထားတာပါ။ ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ အလီအယ်လ်ဟာဘီက ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ ၂၀၂၇ ခုနှစ်အထိရှိမယ့် စာချုပ်သက်တမ်းတိုးချင်နေတဲ့အကြောင်းကို ဆော်ဒီကလပ်ထံ အကြောင်းကြားထားတယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာကစားသမားအဖြစ်နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ချင်ပြီး ဒီပြိုင်ပွဲအပြီးမှာ ကစားသမားဘဝက အနားယူကြောင်းကြေညာဖွယ်ရှိတယ်လို့ အလီအယ်လ်ဟာဘီရဲ့ ပြောဆိုတဲ့ အထဲမှာ ပါဝင်ခဲ့တာပါ။ ရော်နယ်ဒိုအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခဲ့မယ်ဆိုရင် သူဟာ အသက် ၄၁ နှစ် အရွယ်အထိရှိလာမှာဖြစ်ပြီး အားကစားသမားတစ်ဦးအတွက် မယုံနိုင်ဖွယ်စွမ်းဆောင်မှုတစ်ခု ဖြစ်လာမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားဖို့ ပေါ်တူဂီအသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရယူထားတဲ့ ပေါ်တူဂီအသင်းဟာ အောက်တိုဘာ ၁၃ ရက်မှာ ဆလိုဗားကီးယား၊ ၁၆ ရက်မှာ ဘောစနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော်နယ်ဒိုဟာ ဒီ ၂ ပွဲစလုံးကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရဖွယ်ရှိနေပါတယ်။

ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ၅ ဂိုးအထိ သွင်းယူပေးထားပြီး အသင်းခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်အောင် အဓိက စွမ်းဆောင်ပေးနေတာ ဖြစ်ပါတယ်။

Source:Eurosport