CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁

တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCA (၆)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို Online ကနေ ဆောင်ရွက်သွားရန်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က CNI သတင်းဌာနသို့ ပြောသည်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့ဖြင့် စတင် လက်မှတ်ထိုးခဲ့ ရာ ယခုနှစ် အောက်တိုဘာ ၁၅ ရက်ဆိုပါက (၆)နှစ်ပြည့်ပြီ ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က ထပ်မံရေးထိုးခဲ့သည့်အတွက် NCA ကို တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ ရေးထိုးထားသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့က “ NCA (၆)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား လုပ်ဖို့ရှိနိုင်ပါတယ်။ အခမ်းအနားအား ဆောင်ရွက်ဖြစ်ပါက ကိုဗစ်-၁၉ အခြေအနေအရ Online က ဆောင်ရွက်ဖြစ်ဖို့များပါတယ်”ဟု CNI သတင်းဌာနသို့ ပြော သည်။

လက်ရှိတွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို NCA (၆)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဖိတ်ကြားခြင်း-ဆွေးနွေးခြင်း မရှိသေးကြောင်း သိရသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့က “၎င်းသတင်းနှင့်ပတ်သက်၍ ဆောင်ရွက်မှုများအား အချိန်နှင့်တပြေးညီ ထုတ်ပြန် ပေးသွားပါမည်”ဟု CNI သတင်းဌာနသို့ ပြောသည်။

တချို့က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူလိုက်သည်။

ပုံ-NCA နှစ်ပတ်လည်နေ့ အခမ်းအနားမှာ တွေ့ရသည့် ခေါင်းဆောင်များ။

ထို့နောက် NCA ကို လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်(၁၀)က နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲများကို ယာယီ တစ်နှစ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ထိုထုတ်ပြန် ကြေညာ ထွက်ပေါ်လာပြီးနောက် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များ နှောင့်နှေးသွားသည်။

အလားတူ စာချုပ်ပျက်သွားပြီးဟု NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်သူများမဟုတ်သည့် အင်အားစုများက ပြောနေသည့် အတွက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက NCA ကို မိမိတို့အနေဖြင့် တရားဝင် ဖျက်သိမ်းကြောင်း ထုတ်ဖော်ထားခြင်းမရှိဘူးဟု ဆိုသည်။

NCA ထိုးထားသည့် ALP မှ ဒေါ်စောမြရာဇာလင်းက “လူတွေက အထင်နဲ့ အမြင်နဲ့ပဲ ပြောနေကြတာ အခုထိ ရှိနေဆဲလေ။ NCA ကို လက်မှတ်ထိုးတဲ့ထဲမှ EAO (၁၀)ဖွဲ့ဖြစ်တယ်။ EAO (၁၀)ဖွဲ့ကလည်း NCA ပျက်သွားပြီဆိုတာကို တရားဝင် မပြောသေးဘူး။ ထိုနည်းလည်းကောင်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါခဲ့တယ်။ အခုလွှတ်တော် မရှိဘူး။ အစိုးရက တော့ အငြင်းပွားတာပေါ့လေ။ တချို့က လည်း လက်ရှိအစိုးရကို အတည်ယူတယ်။ တချို့ကလည်း အငြင်းပွားနေဆဲဖြစ် တယ်။ ဒါပေမယ့် တပ်မ‌တော်ကတော့ ရှိ တယ်။ တပ်မတော် မရှိဘူးဆိုတာတော့ ပြောလို့မရဘူး။ ဆိုတော့ ဘယ်လိုပဲ ဖြစ် ဖြစ် ကျမတို့ကတော့ ဒီ NCA ဖြစ်ပေါ်လာရ ခြင်း အကြောင်းအရင်းသည် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခကို စစ်ရေးနဲ့ ဖြေရှင်းလို့ မရဘူး။ စစ်ရေးနဲ့ ဖြေ ရှင်းလို့ မရတော့ဘူး။ ဒီမြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ကျမတို့ စားပွဲဝိုင်းမှာ အေး အေး ဆေးဆေးနဲ့ ဖြေရှင်းဖို့ လိုတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခင် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရများ လက်ထက်က NCA နှစ်ပတ်လည်နေ့ အခမ်းအနားများကို တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ကြသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးမှုများ ရပ်တန့်နေခြင်းကြောင့် NCA (၆)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားဖြင့် ကျင်းပနိုင်ရန် နည်းပါးနေသည်။ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)ကတော့ (၆) နှစ်ပြည့် အခမ်းအနားအား ကိုဗစ်-၁၉ အခြေအနေအရ Online ကနေ ကျင်းပနိုင်ရေး စီစဉ်နေကြောင်း ဆိုသည်။

NCA စာချုပ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရခိုင် ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း လက်မှတ်ရေးထိုးခဲ့သည်။