CNI International News

စိန့်ပီတာစဘတ်၊ ဇွန်လ ၁၆

ရုရှား၏ နျူကလီးယား လက်နက် အသုံးပြုနိုင်မှုသည် ပုံမှန်မဟုတ်သော အခြေအနေများတွင်သာ ပေါ်ပေါက်လာ နိုင်ကြောင်းနှင့် နျူကလီးယား လက်နက်များကို ကာကွယ်ရေး ရည်ရွယ်ချက်များအတွက်သာ အသုံးပြုသွားနိုင် ဖွယ်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာဟာရိုဗာ (Maria Zakharova) က ပြောသည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။ 

စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် (SPIEF) ၏ ဘေးဆွယ် အစည်းအဝေးများ ကျင်းပနေစဉ် ဇွန်လ ၁၅ ရက်နေ့တွင် သူမက ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ရုရှား၏ နျူကလီးယားဆိုင်ရာ မူဝါဒများသည် ကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်း၊ နျူကလီးယား လက်နက် အသုံးပြုနိုင်ချေသည်လည်း ကာကွယ်ရေးနှင့် သက်ဆိုင်သည့် တင်းကြပ်စွာ ထိန်းချပ်ထားသော မူဘောင်များ အတွင်း ပုံမှန်မဟုတ်သော အခြေအနေများတွင်သာ ပေါ်ပေါက်လာစေရန် ကန့်သတ်ထားသည်ဟု သူမက ပြော သည်။

ရုရှားသည် နျူကလီးယားစစ်ပွဲ ပေါ်ပေါက်လာခြင်းကို တားဆီးရေးနှင့်ပတ်သက်သည့် ဥပဒေများကို အပြည့်အဝ လိုက်နာမှု ရှိသည်ဟုလည်း ဇာဟာရိုဗာက ပြောသည်။ 

ပူတင်နဲ့ ဘိုင်ဒန် နျူကလီးယား သတိပေးမှုပုံဖော်ထားစဉ်

နျူကလီးယားစစ်ပွဲတွင် အနိုင်ရရှိသူဟူ၍ မရှိကြောင်း၊ ယင်းသည် ဖြစ်မလာသင့်ကြောင်း ပြောကာ သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် နျူကလီးယားစစ်ပွဲ ဖြစ်ပွားမှုနှင့် နျူကလီးယား လက်နက် အသုံးပြုမှုတို့ကို တားဆီး ရေး နျူကလီးယားပိုင်ရှင် နိုင်ငံ ၅ နိုင်ငံမှ ခေါင်းဆောင်များ၏ ပူးတွဲထုတ်ပြန်ချက်ကို လိုက်နာရန် တောင်းဆို ပါသည်ဟုလည်း သူမက ပြောသည်။ 

တစ်ဆက်တည်းမှာပင် နျူကလီးယား လက်နက်လျှော့ချရေး သဘောတူညီချက် (New START) တွင် ပါဝင်ခြင်းကို ရပ်တန့်ရေး ရုရှား၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ချေ မရှိဆိုသည့် ကိစ္စကိုလည်း သူမက အတည်ပြုခဲ့သည်။

ထိုကိစ္စအတွက် အဖြေမှာ yes ဖြစ်ကြောင်း၊ အမေရိကန် အနေဖြင့် သဘောတူညီချက်ပါ အရာအားလုံးကို ပြန် လည် စတင်ရန်အတွက် နိုင်ငံရေးဆန္ဒ၊ တင်းမားမှုများ လျှော့ချရေးနှင့် အခြေအနေများကို ဖော်ဆောင်ပြီးချိန်မှ သာလျှင် ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ဖွယ် ရှိသည်ဟု သူမက ပြောသည်။ 

New START စာချုပ်လက်မှတ်ထိုးစဉ်

New START တွင် ပါဝင်နေခြင်းကို ရပ်တန့်သည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin)က ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

သို့သော်လည်း ထိုကြေညာချက်သည် စာချုပ်မှ အပြီးသတ် နုတ်ထွက်ခဲ့ခြင်းမျိုး မဟုတ်ပေ။

သဘောတူညီချက်၏ တခြားသော လုပ်ငန်းစဉ်များအတွက် ဆွေးနွေးပွဲများကို ပြန်လည် မစတင်ခင် ရုရှားအနေ ဖြင့် အမေရိကန်သာမက ဗြိတိန်နှင့်ပြင်သစ်ကဲ့သို့ တခြားသော နေတိုးအဖွဲ့ဝင် နျူကလီးယား ပိုင်ရှင်နိုင်ငံများ၏ နျူကလီးယား လက်နက် တိုက်ဆိုင်ရာ အချက်အလက်များကို သိရှိလိုသည်ဟုလည်း ပူတင်က ပြောသည်။ 

ပူတင်သည် New START စာချုပ်တွင် ရုရှား၏ ပါဝင်မှုကို ရပ်တန့်ကြောင်း အမိန့်ကို မတ်လ ၁ ရက်တွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Source: တာ့စ်