မနီလာ အောက်တိုဘာ ၃

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက လာမည့်နှစ် ရွေးကောက်ပွဲတွင် ဒုတိယသမ္မတအဖြစ် အရွေးခံမည်မဟုတ်ကြောင်းနှင့် ယခုသမ္မတသက်တမ်း ကုန်ဆုံးပြီးလျှင် နိုင်ငံရေးမှ အနားယူတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်ဟု အယ်လ်ဂျာဇီးယား သတင်းဌာနက အောက်တိုဘာ ၃ ရက်၌ ဖော်ပြသည်။

အထက်လွှတ်တော်အမတ် ဘွန်ဂိုးကို အောက်တိုဘာ ၂ ရက်က ရွေးကောက်ပွဲကော်မရှင်သို့ ဒုသမ္မတနေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းအပေါ် လိုက်ပါဝန်းရံပေးပြီးနောက် ဒူတာတေးသည် ယခုကဲ့သို့ နိုင်ငံရေးကနေ အနားယူမည့်အကြောင်း အံ့အားသင့်စရာ ကြေညာလိုက်ခြင်း ဖြစ်သည်။

“ဖိလစ်ပိုင်လူမျိုးတွေမှာ လွှမ်းမိုးနေတဲ့သဘောထားက ကျနော်ဟာ ဒုသမ္မတနေရာ ဝင်ပြိုင်ဖို့ အရည်အချင်းမမီဘူး။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ယူဆနေကြတာရှိပါတယ်။ ဒါကြောင့် ကျနော် နိုင်ငံရေးကနေ အနား ယူပြီဆိုတာ ဒီကနေ့ ကြေညာပါတယ်” ဟု ဒူတာတေးက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတများကို ရွေးကောက်တင်မြှောက်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၆ နှစ်လျှင် သက်တမ်းတစ်ဆက်သာ ထမ်းဆောင်ရန် ကန့်သတ်ထားသဖြင့် ဒုသမ္မတဝင်ပြိုင်ရေးအတွက် တရားလွှတ်တော်ချုပ်ရှေ့မှောက်တွင် တရားဝင် မေးခွန်း ထုတ်စရာရှိကြောင်း ဒူတာတေးက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ဒူတာတေး၏ ယခုကြေညာချက်သည် ၎င်း၏သမီးဖြစ်သူ ဆာရာဒူတာတေးကာပီယိုအတွက် လမ်းဖွင့်ပေးခြင်း ဖြစ်နိုင် ကြောင်း ထင်ကြေးများလည်း တစ်ဆက်တည်း ပေါ် ထွက်လာခဲ့သည်။

ဒါဗိုအာမြို့တော်ဝန်အဖြစ် သူမဖခင်ကို အစားထိုးပေးခဲ့သူ ဒူတာတေးကာပီယိုက “သူမနှင့် ဖခင်သည် ၂၀၂၂ ရွေးကောက်ပွဲ တွင် အမျိုးသားအဆင့်၌သာ ဝင်ပြိုင်ကြရန် သဘောတူခဲ့ကြ၍ ရာထူးထက်မလိုတော့ကြောင်း” ယခင်လက ပြောကြားခဲ့ သည်။

ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်း၍ မှတ်ပုံတင်နိုင်ခွင့်မှာ ယခုသီတင်းပတ် အောက်တိုဘာ ၈ ရက်အထိ ရှိနေပြီး လူစားထိုးခြင်း၊ ပြန်လည်ရုတ်သိမ်းခြင်းတို့ကို နိုဝင် ဘာ ၁၅ ရက်အထိ ခွင့်ပြုထားသည်။

“ဒါက သမ္မတ ရိုဒရီဂိုဒူတာတေးရဲ့နိုင်ငံရေးစတိုင်လ်ပါ။ လူတိုင်းဟာ ကိုယ့်စကားကိုယ် စွဲစွဲမြဲမြဲဖြစ်ဖို့ လိုပါတယ်။ ဒါပေမယ့် သူ့စကားတွေ ရှေ့နောက်မညီခဲ့ပေမယ့်လည်း နာမည် ကောင်းတော့ ရခဲ့ပါတယ်” ဟု အယ်လ်ဂျာဇီးယားသတင်းထောက် ဂျာမီလာအလင်ဒိုဂန်က မနီလာမြို့တော်မှ သတင်းပေးပို့ထားသည်။

ဒူတာတေးသည် ဖိလစ်ပိုင် ရာဇဝတ်မှုတိုက်ဖျက်ရေး မက်လုံးတစ်ခုတည်းနှင့် ၂၀၁၆ ရွေးကောက်ပွဲတုန်းက သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ သူ၏မဲဆွယ်စည်းရုံးရေးနောက်ပိုင်းနှင့် သမ္မတရာထူး လက်ခံပြီး ချိန်တွင်လည်း မူးယစ် တရားခံများကို သတ်ဖြတ်နှိမ်နင်းရန် ရဲတပ်ဖွဲ့ကို အကြိမ်ကြိမ် အမိန့်ပေးခဲ့သည်။