CNI International News

ကိယက်ဗ်၊ မေ - ၁၃

အရှေ့ဘက် ဘက်ခ်မွတ်(Bakmut) မြို့ တိုက်ပွဲအတွင်း ရုရှားတို့ သိမ်းပိုက်ထားသော နယ်မြေတချို့ကို ပြန်လည် ရယူနိုင်ခဲ့သည်ဟု ယူကရိန်းစစ်တပ် အရာရှိများက သောကြာနေ့တွင် ပြောခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

သို့သော် ယင်းက ယူကရိန်းဘက်မှ တန်ပြန်ထိုးစစ်ဆင်မှုများ စတင်ခြင်း ဟုတ်/မဟုတ်ကိုတော့ ကွဲကွဲပြားပြား မသိရသေးပေ။

ယူကရိန်းတပ်များသည် မြို့၏ မြောက်ဘက်သို့ ချီတက်လာသည်ဟု ရုရှားကာကွယ်ရေးဌာနက ပြောသော်လည်း ယူကရိန်းတပ်များသည် ကာကွယ်ရေးကို ထိုးဖောက်နိုင်ခဲ့သည်ဟု ရုရှားစစ်ရေး ဘလော့ဂါများ၏ ပြောစကားကို တော့ ငြင်းဆိုခဲ့သည်။

ယခု သီတင်းပတ်အတွင်း ယူကရိန်းတပ်များက ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် ဘက်ခ်မွတ်မြို့ တောင်ဘက် ၁ ဒသမ ၂ မိုင်ခန့် နယ်မြေများသည် အရှည်ကြာဆုံးနှင့် အသေအပျောက် အများဆုံး ဘက်ခ်မွတ်မြို့ စစ်ပွဲတွင် ကြီးမားသည့် အောင်မြင်မှုတစ်ခုဖြစ်သည်။

ဇာလန်းစကီးကိုတွေ့ရစဉ်

ထိုမြို့သည် အရေးပါသော ထောက်ပံ့ရေး လမ်းကြောင်းကိုပါ ကာကွယ်ပေးနိုင်လိမ့်ဟု တိုက်ခိုက်မှုကို ဦးဆောင်ခဲ့ သည့် ယူကရိန်းအထူးတပ်ဖွဲ့ တပ်မှူးများက ပြောသည်။

သောကြာနေ့တွင် တပ်မှူးများနှင့် တွေ့ဆုံခဲ့ကာ ယူကရိန်းတပ်များသည် ရန်သူများကို ဟန့်တားနိုင်ခဲ့ကာ တန်ပြန် တိုက်ခိုက်မှုများပင် လုပ်ဆောင်နိုင်ခဲ့သည်ဟု သတင်းရရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောသည်။

မိန့်ခွန်းတစ်ခုတွင် ဇာလန်းစကီး(Volodymyr Zelenskyy)က ယူကရိန်းတပ်ဖွဲ့များကို ချီးကျူးကာ ရုရှားများ တပ်ပျက်နေပြီဟုလည်း ထောက်ပြသွားခဲ့သည်။

ကျူးကျော်သူများသည် စိတ်ဓာတ်ရေးရာတွင် အရှုံးပေးထားပြီဖြစ်ကာ ၎င်းတို့ကို နေ့စဉ် တွန်းအားပေးနိုင်ပါက ၎င်းတို့၏ စိတ်ထဲမှ ကြောက်ရွံ့နေမှုများသည် အညံ့ခံမှု၊ အမှားအယွင်းနှင့် ရှုံးနိမ့်မှုတို့ကို ဖြစ်စေလိမ့်မည်ဟုလည်း ဇာလန်းစကီးက ပြောခဲ့သည်။

ဒဏ်ရာရနေတဲ့ ယူကရိန်းစစ်သားတွေကို ဆေးကုသပေးနေစဉ်

ဘက်ခ်မွတ်တွင် ယူကရိန်းတပ်များ အသာစီးရရှိနေမှု အခြေအနေနှင့် ပတ်သက်၍လည်း ယူကရိန်း ကာကွယ်ရေး ဌာန ဒုတိယဝန်ကြီးက တယ်လီဂရမ် ကြေညာချက် တစ်စောင် ထုတ်ပြန် အတည်ပြုပေးသည်။

သို့သော် အမေရိကန်ဘက်က ဘက်ခ်မွတ်မြို့သည် မည်သည့် ဘက်တွင်မှ အသာစီး ရရှိထားသည့် အခြေအနေ တွင် မရှိသေးဟု သိရှိထားကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ (John Kirby) က ပြောသည်။

အမေရိကန်ဘက်က ဘက်ခ်မွတ်မြို့နှင့် ပတ်သက်သည့် မဟာဗျူဟာမြောက် တန်ဖိုးများကို ကန့်သတ်ထားသော် လည်း ရှစ်လကြာ တိုက်ပွဲအတွင်း ရုရှားတပ်များသည် လူအင်အားနှင့် လက်နက် အင်အားများစွာ ဆုံးရှုံးထားခဲ့ ပြီးလည်း ဖြစ်သည်။

Source: AP