CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၁

အမျိုးသားရေးအမည်ခံပြီး လက်နက်ကိုင်ဆောင် ကိုယ်ကျိုးစီးပွားရှာနေကြသည့် အဖွဲ့အစည်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က မေလ ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဖွဲ့စည်းတည်ထောင်ခြင်း (၁၁)နှစ်ပြည့်တွင် ထည့်သွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး သေနတ်ကိုင် ကိုယ်ကျိုးရှာမှု များပြားလာသည့်အတွက် ထိုကိစ္စ ထည့်သွင်း ထားခြင်း ဖြစ်ကြောင်း TNDP မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီမှာ ကချင်မှာလည်းရှိတယ်၊ ငါတို့ လူမျိုးတွေမှာလည်း ရှိတယ်၊ အမျိုးသား အကျိုးစီးပွား လုပ်ရင်တော့ ဘာမှ မပြောလိုဘူးလေ၊ အမျိုးသား အကျိုးစီးပွားမလုပ်ဘဲ ကိုယ်ကျိုးစီးပွားလုပ်နေတဲ့ လူတွေကို ပြောတာပေါ့၊ သေနတ်ကိုင်ပြီးမှ ကိုယ်ကျိုးစီးပွား ရှာတယ်ဆိုတော့ ဓါးမြဖြစ်တာပေါ့၊ အမျိုးသားအကျိုးစီးပွား ရှာကြတယ်ဆိုရင် တော့ အမျိုးသားအကျိုးစီးပွားအတွက် လုပ်ကြတယ်ဆိုရင်တော့ ဘာမှ ပြောစရာ မလိုပါဘူးဒါက အမျိုးသား အတွက် တိုးတက်ရာ တိုးတက်ကြောင်း လုပ်ကြတာပဲ” ဟု ပြောသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဆိုင်းဘုတ်တင်ခြင်းကို တွေ့ရစဉ်

နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပွားလာသည့် ပြည်တွင်းစစ်ကြောင့် ပြည်သူလူထုများ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြကြောင်း ပြည်သူ့အကျိုးစီးပွားကို ထောက်ရှု၍ တိုင်းပြည် မနစ်နာသည့် အကောင်းဆုံးနည်းလမ်းဖြင့် အဖြေရှာကြရန် တိုက်တွန်းထားသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ပါတီအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပြီး စီးပွားရှာကြသည့် ဖြစ်စဉ်ကြောင့် နောက်ထပ် လက်နက်ကိုင်ပြီး စီးပွားရှာသည့် အဖွဲ့များ များလာကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်ကြရကြောင်း စိုင်းဌေးအောင်က ပြောသည်။

TNDP ပါတီ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ နအဖ၊ နဝတ ခေတ်တုန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူတို့က ငြိမ်းချမ်းရေး ယူလိုက်တယ်၊ ဗိုလ်ခင်ညွန့်တို့ပေါ့၊ ငြိမ်းချမ်းရေး ယူလိုက်တဲ့ အခါမှာ သူက ဘာဖြစ်လဲဆိုတော့ သူ့ရဲ့ နယ်မြေချဲ့ထွင်ရေးကို ကစားလိုက်တယ်၊ နဝတ၊ နအဖက တိုင်းရင်းသားတွေမှာ ရတနာတွေ ထက်တယ်၊ သစ် တောတွေ ပေါတယ်၊ အဲဒီနေရာမှာ ကုမ္ပဏီတွေ ချပေးလိုက်တယ်၊ သူ့ရဲ့စခန်းတွေ ရှေ့တိုးရှေ့တိုးနဲ့ လုပ်လိုက်တဲ့ အခါကြတော့ သူ့ဖက်က နယ်ချဲ့ပြီးသားဖြစ်သလို တိုင်းရင်းသားတွေဖက်ကလည်း ဒါကို ထိလို့မရဘူး။ ဒါပေမဲ့ ဒါကို ထိလို့ရတဲ့ကိစ္စက လက်နက်ကိုင် အဖွဲ့အစည်းတွေကပဲ၊ အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်ကျိုး စီးပွားရှာသွားတဲ့ အခါကြတော့ သက်ဆိုင်ရာ တိုင်းရင်းသားတွေ အင်မတန်မှ နစ်နာသွားကြတယ် အဲဒီအချိန်တုန်း က၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာလည်း ပြည်သူပဲ ခံရတယ်၊ အဲဒီမြေတွေကို သူတို့ ရတနာတွေ တူးလိုက်တဲ့ အတွက်ကြောင့် သစ်တောတွေ ပျက်စီးသွားလို့ ပြုန်းတီးသွားလို့ ခံရတာလည်း ပြည်သူပဲ ခံရတယ်၊ အဲဒီ လက်နက် ကိုင် အဖွဲ့အစည်းတွေကတော့ သူတို့တော့ မြိုးမြိုးမြိုက်မြိုက် နည်းနည်းပါးပါးတော့ ရသွားကြတာပေါ့၊ သူတို့တွေ ကြီးပွားသွားကြတယ်၊ ဒါပေမဲ့ ဒုက္ခရောက်တာ ပြည်သူဒုက္ခရောက်ပြီးမှ တိုင်းပြည်က နစ်နာဆုံးရှုံးရတယ်၊ ယနေ့ ဖြစ်ပျက်တဲ့ အာဏာသိမ်းမှု နှစ်နှစ်ကျော် အတွင်းမှာဆိုရင်လည်း ဒီပုံစံမျိုးတွေ တွေ့ရှိရတာပေါ့နော်၊ လက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ ပေါင်းစည်းသွားကြတယ်၊ လက်ညိုးနိုင်ငံရေး လက်ညိုးနိုင်ငံရေးနဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ ပြည်သူ့ကို အကျိုးရှိအောင် လုပ်ပေးခဲ့တာ မရှိဘူးဆိုတဲ့ အခါကြတော့ ကျနော်တို့ ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်တယ်” ဟု ပြောသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) သည် အမျိုးသားရေးကို မဏ္ဍိုင်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာရေး ကြိုးစားဆောင်ရွက်သွားမည်ဟု ပြောသည်။