CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅

ပြည်တွင်းမှာ ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရေး ပင်လုံစာချုပ်အား အကောင်အထည် ဖော်ရမည်ဟု ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာပြည် လွတ်လပ်ရေးယူခဲ့သည်မှာ ရဲဘော်သုံးကျိပ်ဖြင့် တိုက်ခိုက်ပြီး ယူခဲ့ခြင်း မဟုတ်ကြောင်း၊ တောင်တန်းနှင့် ပြည်မ အတူတကွ လွတ်လပ်ရေး ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “ဗမာစစ်တပ်က ဘယ်ရှိမလဲ သူက နောက်ဆုတ်မယ့်ဟာလည်း မဟုတ်ပါဘူး။ သူက တော့ အမြဲတမ်း လက်နက်နဲ့ ဖြေရှင်းတဲ့ဟာမျိုး ဖြစ်တယ်၊ ဒါကြောင့် ဒီလက်နက်နဲ့ ဖြေရှင်းဖို့ဆိုတာထက် ပင်လုံ စာချုပ်ကို နိုင်ငံရေး ပင်လုံစာချုပ်ဆိုတာ နိုင်ငံရေးကိုပြောတာ နိုင်ငံရေးအရ ဖြေရှင်းသွားမှဘဲ ဖြစ်မယ်ဆိုတဲ့ဟာ မျိုးကို ပြောပြတာ၊ ခုနက ကျနော် ကနဦးထဲက ပြောပြီးပြီ။ လွတ်လပ်ရေးယူတာက စစ်တိုက်ပြီးမှ ယူတာ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း စစ်တိုက်ပြီး ယူတာမှ မဟုတ်တာ၊ ခင်ဗျားတို့ သိတယ်၊ စာဖတ်ကြည့်ပါ၊ ပင်လုံ စာချုပ်အရ ဗြိတိန်မှာ တောင်တန်းနဲ့ ပြည်မ အတူတကွ လွတ်လပ်ရေး ယူမယ်ဆိုပြီးမှ စာချုပ်ချုပ်ပြီးမှ ယူသွားတာ ဘယ်က ရဲဘော်သုံးကျိပ်တိုက်ပြီးမှ ယူတာမှ မဟုတ်တာ” ဟု ပြောသည်။

ပင်လုံစာချုပ်အရ ပူးပေါင်းပြီး အသစ်ဖွဲ့စည်းထူထောင်မည့် ပြည်ထောင်စုတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းတောင်တန်းဒေသများတွင် မိမိတို့နယ်မြေအတွင်း အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိစေရန် “မူ” အားဖြင့် သဘောတူကြသည်။

ထို့အတူ ပြည်မဗမာလူမျိုးတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့် ရှိရ မည်ဟုလည်း ပါရှိသည်။

 ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် လက်မှတ်ထိုးခဲ့ကြသည့် ခေါင်းဆောင်များ

ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဉ်က နိုင်ငံရေးအခင်းအကျင်းနှင့် လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ မတူညီကြတော့ ကြောင်း၊ ၎င်းကိစ္စအား ညှိနှိုင်းရန် အချိန်အများအပြား ယူရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်က “ဒါကလည်း ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာလည်း ၁၉၄၇ ခုဆိုတော့ အချိန်ကာလတော့ တော်တော်လေး ကြာညောင်းခဲ့ပြီ။ ပင်လုံစာချုပ်ကနေ ကျ‌နော်တို့ ရရှိလာတဲ့ ကျနော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေး ဖြစ်တည်မှု တစ်ဆက်တစ်စပ်တည်း ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေက ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ပြည်မကြားမှာ ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်လို့ပဲ ပြောမလား လက်နက်ကိုင်ပဋိပက္ခလို့ပဲ ပြောမလား ဒါတွေကလည်းပဲ နှစ်ပေါင်း ၇၀ ကျော် အချိန်အတွင်းမှာပေါ့လေ တော်တော်လေးလည်း အချိန်ကြာ ညောင်းနေပြီ သို့သော်လည်းပဲ ပင်လုံစာချုပ်မှာပါတဲ့ အချက်အလက်တွေ အားလုံးအတွက်ကတော့ အရင်တုန်းက ချုပ်ဆိုခဲ့တဲ့ နိုင်ငံရေးအခြေအနေ အရင်တုန်းက ပင်လုံစာချုပ် ချုပ်ဆိုခဲ့တုန်းက ကျနော်တို့ ရှိနေတဲ့ မြန်မာ့နိုင်ငံ ရေး အခင်းအကျင်းနဲ့ နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်းမှာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ အခင်း အကျင်းတွေ တိုင်းရင်းသားတွေရဲ့ ရုန်းကန်မှုလည်း ကျနော်စိတ်ထင်တော့ ဒါက တစ်ထပ်တည်း ရှိဖို့တော့ အများ ကြီး ကျနော်တို့ကြားမှာ ညှိနှိုင်းဆောင်ရွက်ဖို့ အများကြီး အချိန်ယူရမယ်လို့ ထင်ပါတယ်၊ အများကြီးလည်း စကား ပြောဖို့ လိုအပ်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ပင်လုံစာချုပ်ကို တတ်နိုင်သမျှ အကောင်အထည် ဖော်မည်ဆိုပါက တိုင်းပြည်မှာ အေးချမ်းသွားမည်ဟု မြန်မာ့နိုင်ငံ‌ရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

 

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနေစဉ်

၎င်းက “တကယ့်တကယ်ကလည်း ပင်လုံစာချုပ်ကိုတော့ အကောင်အထည်ဖော်ရမယ်၊ အကောင်အထည်ဖော်တဲ့ အခါမှာ ကျ‌နော်ကလည်း အမြဲပြောနေတာ ကျ‌နော်တို့က ပင်လုံစာချုပ်ကို ဖောက်ဖျက်ခဲ့တာကိုး ဖောက်ဖျက်ခဲ့ တာ ဒါက ပြောရလို့ရှိရင် ဦးနေဝင်းက စပြီးတော့ ဖောက်ဖျက်ခဲ့တာ ကျန်တဲ့လူနဲ့ မဆိုင်ဘူး။ တကယ်တော့လေ ၁၉၅၈ ခုနှစ်၊ စော်ဘွားတွေ၊ ဒူဝါတွေ၊ ကယား စောကရာတွေကို အာဏာစွန့်ခိုင်းတာက စတာကိုး။ ဒါက လုံးဝ ပင်လုံစာချုပ်ကို ဖောက်ဖျက်တဲ့ ကိစ္စကြီးပဲ၊ အဲဒီတော့ ပင်လုံစာချုပ်အတိုင်း ပြန်သွားမယ်ဆိုရင် တကယ်လို့ အေးသွားမှာပဲ၊ အချင်းချင်း သူတို့ ပြည်နယ်ဖက်မှာ အာဏာဘယ်လို ခွဲဝေမလဲဆိုတာ လာဦးမှာ၊ အဲဒီပြဿနာ တစ်ခုက ကျန်သေးတယ်ဗျ၊ ဒါကတော့ နောက်အဆင့်ပေါ်ဗျာ၊ လောလောဆယ်တော့ ကျနော်တို့ ပင်လုံစာချုပ် အတိုင်း တတ်နိုင်သမျှပေါ့နော်၊ တတ်နိုင်သမျှ ပင်လုံမူကို ထိကပ်ပြီးတော့ ပင်လုံမူလို ဖြစ်နိုင်သမျှ ကျနော်တို့ စိတ်ကောင်း စေတနာကောင်းနဲ့ အကောင်အထည်‌ ဖော်မယ်ဆိုရင်တော့ တော်တော် အေးသွားမှာပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် ပင်လုံစာချုပ်အရ ပြည်ထောင်စုတစ်ခုကို တည်ထောင်ခဲ့သည်မှာ ၇၆ နှစ် ပြည့်ခဲ့ပြီဖြစ်သော်လည်း လက်နက်ကိုင်ပဋိပက္ခမှာ ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးဘဲ ပြည်တွင်းစစ်များ ဖြစ်ပွားလျက်ရှိသည်။