CNI International News

ဆော်ပေါ်လို၊ ဧပြီ ၂၇

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်က မြို့တော် ဘရာဆီးလီးယား (Brasilia) ရှိ အစိုးရ အဆောက်အဦများကို တိုက်ခိုက်မှုမတိုင်ခင် ၎င်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သက်သေ ထွက်ဆိုချက်ပေးရန်အတွက် ဘရာဇီးလ် သမ္မတဟောင်း ဂျဲလ်ဘော်ဆိုနာရို(Jair Bolsonaro) သည် ဗုဒ္ဓဟူးနေ့တွင် ဖက်ဒရယ်ရဲတပ်ဖွဲ့ရုံးချုပ်သို့ ရောက် ရှိခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

လက်ဝဲသမ္မတသစ် လူလာဒါဆေးလ်ဗား အာဏာလွှဲပြောင်း ရယူခဲ့ပြီး တစ်ပတ်အကြာတွင် ဘော်ဆိုနာရိုအား ထောက်ခံ သူများက ဗဟိုတရားရုံးချုပ်၊ လွှတ်တော်နှင့် သမ္မတနန်းတော်တို့ကို ဝင်ရောက် စီးနင်းကာ ဖျက်ဆီး မှုများ လုပ်ဆောင်ခဲ့ကြသည်။

ထိုသူ ရာပေါင်း များစွာသည်လည်း တရားရင်ဆိုင် ရမည်ဟု ယူဆရသည်။ ဘော်ဆိုနာရိုသည် တရားဥပဒေ စိုးမိုးမှုအပေါ် ချိုးဖောက်သည့် ရာဇဝတ်မှုများ လုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်မှုများတွင် ပါဝင်ကူညီခဲ့သည်ဟု ဘရာဇီးလ်အစိုးရရှေ့နေချုပ်က ဧပြီ ၁၄ ရက်တွင် ပြောခဲ့သည်။

ဘော်ဆိုနာရိုသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အမေရိကန်သို့ ထွက်ခွာသွားခဲ့ကာ တိုက်ခိုက်မှုများ ဖြစ်ပေါ် နေချိန်မှာတော့ အော်လန်ဒို၌ ရှိနေခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်

၎င်းသည် လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံကြောင်း ထုတ်ဖော်ပြော ဆိုခြင်း မရှိသေးပေ။

ထိုအစား ဘရာဇီးလ် မဲပေးမှုစနစ်၏ ယုံကြည်ရနိုင်မှုနှင့် ပတ်သက်၍သာ စဉ်ဆက်မပြတ် မေးခွန်း ထုတ်လျက် ရှိသည်။

၎င်းအား ထောက်ခံသူ အများစုသည်လည်း ရွေးကောက်ပွဲတွင် မသမာမှုများ ရှိနေသည်ဟု ယုံကြည်နေကြဆဲ ဖြစ်သော်လည်း လက်ရှိအထိ သက်သေ တစ်စုံတစ်ရာ မပြနိုင်သေးပေ။

ယခု သက်သေ ထွက်ဆိုမှုသည် ၎င်းအပေါ် ပစ်မှတ်ထားသည့် စုံစမ်းစစ်ဆေးမှုများမှ တစ်ခုသာဖြစ်ပြီး ယင်းက ၎င်းအား လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ခွင့် ပိတ်ခံရခြင်း သို့မဟုတ် ထောင်ဒဏ် ပေးခံရခြင်းတို့အထိ ဖြစ်လာနိုင်သည်။

ဘော်ဆိုနာရို ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲ ဝင်ရောက်ခွင့် ပိတ်ခံရခြင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဝန်ခံထားကာ မတရားသဖြင့် အမိန့်ချမှသာ ထောင်ဒဏ် အပြစ်ပေးခံရမည်ဟု ပြောသည်။

သမ္မတဟောင်းက ၎င်းအနေဖြင့် စွပ်စွဲခံထားရသည့် အမှုများတွင် အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ခဲ့ကြောင်း သို့မဟုတ် ဇန်နဝါရီ ၈ ရက် တိုက်ခိုက်မှုများတွင် ပါဝင်မှုမရှိကြောင်း ငြင်းဆိုထားသည်။

ဘော်ဆိုနာရို ထောက်ခံသူများက တိုက်ခိုက်မှုများလုပ်နေစဉ်

ဘရာဇီးလ် ဗဟိုတရားရုံး တရားသူကြီး အလက်ဇန်းဒရီ ဒီမိုးရတ်စ် (Alexandre de Moraes) သည် ဆူပူမှုများ အပြီး နှစ်ရက်အကြာတွင် သမ္မတဟောင်း၏ လူမှုကွန်ယက်ပေါ် တင်ခဲ့သော ဗွီဒီယိုဖိုင်တစ်ခုကို ကိုးကား၍ ၎င်း အား စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် အစိုးရရှေ့နေများရုံး၏ တောင်းဆိုမှုကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းတွင် လူလာသည် ရွေးကောက်ပွဲတွင် မဲပေးမှုကြောင့် အနိုင်ရရှိခဲ့ခြင်း မဟုတ်ကြောင်းနှင့် ၎င်းကို ဗဟို တရားရုံး တရားသူကြီး ဒီမိုးရတ်စ်၏ ဦးဆောင်မှုဖြင့် ဗဟိုတရားရုံး ရွေးကောက်ပွဲအဖွဲ့တို့က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ထိုဗွီဒီယိုကို နောက်တစ်နေ့ မနက်တွင် ပြန်ဖြုတ်ချ သွားခဲ့သော်လည်း ယင်းသည် တိုက်ခိုက်မှုများ နောက်ကွယ် တွင် ဘော်ဆိုနာရို ရှိနေသည်ကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန်အတွက် လုံလောက်မှုရှိသည်ဟု အစိုးရရှေ့နေ များက ယူဆထားသည်။

သမ္မတဟောင်းသည် မကြာသေးခင်ကလည်း နိုင်ငံခြားမှ လက်ခံရရှိသော လက်ဝတ်ရတနာများနှင့် ပတ်သက်၍ သက်သေ ထွက်ဆိုမှု လုပ်ဆောင်ခဲ့ရကာ သမ္မတသက်တမ်းအတွင်း ၎င်းလုပ်ဆောင်ခဲ့သည့် အကြောင်းအရာများ အတွက် နောက်ထပ် ထွက်ဆိုမှုများစွာ ထပ်မံ လုပ်ဆောင်ရမည်ဟုလည်း ယူဆရသည်။

Source: AP