CNI International News

ဝါရှင်တန်၊ ဧပြီ ၂၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် တောင်ကိုရီးယားသမ္မတ ယွန်ဆောရွဲ့ (Yoon Suk Yeol) တို့သည် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအဖြစ် အမေရိကန်၏ နျူကလီးယား လက်နက်တပ် ရေငုပ်သင်္ဘောများ တောင်ကိုရီးယားတွင် လာရောက် ဆိုက်ကပ်မည့် အစီအစဉ်များပါဝင်သော သဘောတူညီချက်ကို လက်မှတ် ရေးထိုးသွားမည်ဟု အမေရိကန်အရာရှိများက ပြောကြောင်း အေပီသတင်းမှာ ဖော်ပြထားသည်။

ထိုသဘောတူညီချက်က မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများ မြင့်တက်လာချိန်တွင် အမေရိကန် က သိသိသာသာ ထောက်ပံ့ပေးခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယားသို့ ဆိုက်ကပ်ရန် အစီအစဉ်သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တားဆီးရေးရန် အဓိက အကြောင်းအရာတစ်ခု ဖြစ်သည်။

ထိုအစီအစဉ် လုပ်ဆောင်ရခြင်းကို တောင်ကိုရီးယားသမ္မတ၏ အမေရိကန်ခရီးစဉ်တွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ရေငုပ်သင်္ဘောကိုတွေ့ရစဉ်

ထိုသဘောတူညီချက်သည် မြောက်ကိုရီးယား၏ ရန်လိုသော နျူကလီးယား လက်နက် အစီအစဉ်များ အပြီး တောင်ကိုရီးယား၏ စိုးရိမ်မှုကို လျှော့ချပေးရန်၊ တောင်ကိုရီးယားဘက်မှ ၎င်းတို့၏ ကိုယ်ပိုင် နျူကလီးယား အစီအစဉ်ကို ပြန်လည် စတင်ခြင်းမှ တားဆီးရန် ရည်ရွယ်သည်။

တောင်ကိုရီးယားနိုင်ငံသည် နျူကလီးယား မပျံ့ပွားရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် လွန်ခဲ့ သော နှစ် ၅၀ ခန့်တွင် ယင်း၏ကိုယ်ပိုင် နျူကလီးယား စီမံကိန်းအား စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားဘက်ကသာ တိုက်ခိုက်လာမည် ဆိုသည့် အခြေအနေ တွင် နျူကလီးယား တုံ့ပြန်မှု မဟာဗျူဟာအား ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်သည်။

သို့သော် ထိုလက်နက်များအား ထိန်းချုပ်ခွင့်ကို အမေရိကန်ဘက်က ဆက်လက် ရယူသွားမည်ဖြစ်ကာ တောင်ကိုရီးယား ကမ်းခြေတွင် မည်သည့် နျူကလီးယား လက်နက်ကိုမှ တပ်ဆင်သွားမည် မဟုတ်ပေ။

ဘိုင်ဒန်နဲ့ ယွန်ဆောရွဲ့ကိုတွေ့ရစဉ်

သဘောတူညီချက်တွင် အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်တို့အကြား ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်ရန်နှင့် မဟာဗျူဟာမြောက် ပူးတွဲတားဆီး ကာကွယ်ရေးတွင် တောင်ကိုရီးယား စစ်တပ်၏ ပါဝင်မှုကို ပိုမိုမြှင့်တင်သွားရန်လည်း တောင်ဆိုထားသည်။

ကြေညာချက်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် တောင်ကိုရီးယားသည် နျူကလီးယား လက်နက်မပျံ့ပွားရေး သဘောတူညီချက်နှင့် ပတ်သက်၍ ၎င်းတို့ပေးထားသော ကတိကို ပိုမိုခိုင်မာ စေရမည်လည်း ဖြစ်သည်။
ထိုသဘောတူညီချက်ကို နျူကလီးယားပိုင်သော၊ မပိုင်သော ကမ္ဘာ့နိုင်ငံများက လက်မှတ်ရေးထိုးထားကာ နျူကလီးယား နည်းပညာ မပျံ့ပွားမှုကို ထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်သွားရန် ကတိပြုထားသည်ဟု အမေရိကန်အရာရှိများက ပြောသည်။

ပြီးခဲ့သည့် သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ရှိနေချိန်တွင် တောင်ကိုရီးယား သမ္မတ ယွန်သည် ယခင် သမ္မတဟောင်းထက် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ပိုမိုတုံ့ပြန်နိုင်ရေး အမေရိကန် ဗုံးကြဲ လေယာဉ် များ၊ လေယာဉ်တင် သင်္ဘောများနှင့် နျူကလီးယား ရေငုပ်သင်္ဘောများ တပ်ဖြန့်ထားမှုကို မြှင့်တင် ဆောင်ရွက်ရေး တောင်းဆိုသွားမည်ဟု ပြောခဲ့သည်။

Source: AP