CNI International News

အန်ကာရာ၊ ဧပြီ ၂၆

တရားမဝင်ဟု သတ်မှတ်ထားသော ကာ့ဒ်အလုပ်သမားပါတီ (PKK) နှင့် ဆက်သွယ်မှုဖြင့် တူရကီရဲတပ်ဖွဲ့က လူ ၁၁၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု Al Jazeera သတင်းတွင် ဖော်ပြသည်။

လွှတ်တော်နှင့် သမ္မတ ရွေးကောက်ပွဲများ မတိုင်ခင် သီတင်းပတ်များအလိုတွင် ထိုသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီးနင်းဖမ်းဆီးမှုများအတွင်း နိုင်ငံရေးသမားများ၊ ရှေ့နေများနှင့် သတင်းသမားများပါ ပါဝင်သည်ဟု ဖော်ပြသည်။

PKK အား တူရကီအစိုးရနှင့် အနောက်နိုင်ငံ တချို့က အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည်။

အင်္ဂါနေ့တွင် PKK အား ဘဏ္ဍာရေးအရသာမက လူသစ်စုဆောင်းရန်နှင့် ဝါဒဖြန့် လုပ်ငန်းများ၌ ပါဝင်ကူညီ နေသူများကို ဖမ်းဆီးခဲ့ သည်ဟု တူရကီအာဏာပိုင်များက ပြောသည်။

တူရကီသမ္မတ အာဒိုဂန်ကို တွေ့ရစဉ်

PKK သည် ၁၉၈၄ ခုနှစ်မှ စတင်ကာ တူရကီအစိုးရနှင့် စစ်ပွဲဆင်နွှဲလျက် ရှိသည်။ အင်္ဂါနေ့က စီးနင်းမှုများကို ကာ့ဒ် (Kurd) လူမျိုး အများစုနေထိုင်ရာ ဒီယာဘာကီ (Kiyarkakir) အပါအဝင် ပြည်နယ် ၂၁ ခုတွင် လုပ်ဆောင်ခဲ့သည် ဟု တူရကီမီဒီယာများက ဖော်ပြခဲ့ကြသည်။

စီးနင်းမှုများကို မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲများ မတိုင်ခင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲများ တွင် တူရကီသမ္မတ အာဒိုဂန် (Erdogan)သည် သက်တမ်း ၂၀ ကြာ အုပ်စိုးမှုတစ်လျှောက် အပြင်းထန်ဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ယခု ဖမ်းဆီးမှုများသည် အာဒိုဂန်၏ သမ္မတရာထူး တတိယသက်တမ်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟု ကာ့ဒ် လိုလားသော HDP ပါတီ ခေါင်းဆောင်က ပြောသည်။

နိုင်ငံရေးသမားများ၊ ရှေ့နေများ၊ သတင်းသမားများနှင့် လူ့အခွင့်အရေးသမားများကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ပြီး စီးနင်းမှုများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များအား ဖုံးကွယ်ထားသည်ဟု နိုင်ငံရေးသမားများက ပြောသည်။

ဖမ်းဆီးခံထားရသူများကို ရှေ့နေများနှင့် တွေ့ဆုံခွင့် ၂၄ နာရီ ပိတ်ပင်ထားကာ အဖမ်းခံရသူ အရေအတွက်မှာ လည်း မြင့်တက်လာဖွယ် ရှိသည်ဟု တူရကီရှေ့နေ အဖွဲ့တစ်ခုက ပြောသည်။

NGO ခေါင်းဆောင်များ၏ နေအိမ်များသည်လည်း စီးနင်းရှာဖွေခံခဲ့ရသည်ဟု တူရကီမီဒီယာ အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်သည်။

PKK ထောက်ခံသည့် ကာ့ဒ်ထောက်ခံသူများကိုတွေ့ရစဉ်

အာဒိုဂန်သည် နှစ် ၂၀ ကြာ အုပ်စိုးမှုအတွင်း အပြင်ထန်ဆုံး ရွေးကောက်ပွဲ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကာ ၎င်း၏ ပြိုင်ဘက်ဖြစ်သော အတိုက်အခံ အမတ်လောင်း ကီမယ်လ်ကီလစ်ဒါရိုဂလူသည် ၎င်းထက်ပို၍ ရေပန်းစား နေသည်။

HDP သည် ကီလစ်ဒါရိုဂလူအား ထောက်ခံရန်အတွက် ၎င်းတို့ ကိုယ်ပိုင် အမတ်လောင်းပင် ရွေးချယ်တင်မြောက် ခြင်း မရှိပေ။ HDP သည် ပင်မ အတိုက်အခံ အင်အားစု အဖွဲ့ဝင် မဟုတ်သော်လည်း အာဒိုဂန်၏ ပါတီနှင့် PKK တို့အပေါ် မူဝါဒများကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။

HDP သည် PKK နှင့်ဆက်နွယ်မှုရှိ သည်ဟု တူရကီအစိုးရဘက်က စွပ်စွဲထားကာ ခေါင်းဆောင်ဟောင်း ဖြစ်သူကိုလည်း စွပ်စွဲချက်များစွာဖြင့် ထောင်ချခဲ့သည်။

စီးပွားရေးတွင် ရုန်းကန်နေရမှု၊ အာဏာရှင်ဆန်သည်ဟူသော စွပ်စွဲမှုများကြောင့် ပြီးခဲ့သည့် နှစ်များအတွင်း အာဒို ဂန်အား လူထုထောက်ခံမှု သိသိသာသာ ကျဆင်းလာခဲ့ကာ လူပေါင်း ၅၀၀၀၀ ကျော် သေဆုံးခဲ့သည့် ဖေဖော်ဝါရီ လက ငလျင်လှုပ်မှုအပေါ် တုံ့ပြန်မှုအတွက်လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်။

သို့သော် တူရကီခေါင်းဆောင် ရာထူးကို ၂၀၀၃ ခုနှစ်ကတည်းက သိမ်းပိုက်ကာ သမ္မတအဖြစ် ၂၀၁၄ ခုနှစ်မှ စတင် တာဝန် ယူခဲ့သည့် အာဒိုဂန်သည် ခိုင်မာသော ထောက်ခံမှုကို ရရှိထားဆဲဖြစ်ကာ AK ပါတီနှင့်အတူ သမ္မတရာထူး ကို ရရှိနိုင်ဆဲ အနေအထားတွင် ရှိနေသည်။

Source: Al Jazeera