CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၈

မြန်မာ့တပ်မတော် ဖြုတ်ချရေး တိုက်ခိုက်နေသော ကရင်လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်း၍ သွေးသစ္စာရေ သောက်ခဲ့သည့် KNU/KNLA-PC မှ စစ်ဗျူဟာ(၂) ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် တပ်ရင်း(၇၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့ကို အမိန့်ညွှန်ကြားချက်များ လေးစားလိုက်နာခြင်းမရှိဘဲ ချိုး ဖောက်ကျူးလွန်သည်ဟုဆိုကာ KNU/KNLA-PC က ထုတ်ပယ်လိုက်ကြောင်း ဧပြီ ၇ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် KNU/KNLA-PC ၏ ဗဟိုကော်မတီမှ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဦးစီးဌာနချုပ်မှ ထုတ်ပြန်ထားသော အမိန့်ညွန်ကြားချက်များအပေါ် လေးစားလိုက်နာခြင်းမရှိဘဲ ချိုးဖောက် ကျူးလွန်ခြင်းကြောင့် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗိုလ်မှူးကြီး စောလက်ကိုင် နှင့် ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့ကို အဖွဲ့အစည်းဝင် အဖြစ်မှ လည်းကောင်း၊ တပ်မတော်အတွင်းမှ လည်းကောင်း ထုတ်ပယ်လိုက်သည်ဟု ဖော်ပြထားသည်။

ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့သည် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေ သည့် ကော်သူလေးတပ်မတော်(KTLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောနယ်ဒါးမြ၊ Lion Battalion Commando ဗျူဟာစစ်ကြောင်း ဗျူဟာမှူး ဗိုလ်အယ်စေးဝါး၊ KNDO တပ်ရင်းမှူး ဗိုလ်မောင်ချစ်၊ KNU တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဗိုလ်ဖိုးဒူ၊ KNU တပ်ရင်း ၁၉ တပ်ရင်းမှူး ဗိုလ်ချာနား၊ BGF တာတို့ဝါးစစ်ကြောင်း တပ်နယ် ၃ တပ်ရင်းမှူး ဗိုလ်ထူးအယ်မှူး၊ Cobra Column စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ဒါဘော၊ ကျားဖြူစစ်ကြောင်း မှူး ဗိုလ်ကျော်သက်၊ နဂါးဖြူစစ်ကြောင်းမှူး ဗိုလ်ကလယ်န၊ NUG တောင်ပိုင်းတိုင်း တပ်မဟာမှူး ဗိုလ်စောရှား ဖောင်တို့နှင့် ပူးပေါင်း၍ သွေးသစ္စာရေသောက်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၃ ရက်နေ့က ပြုလုပ်ခဲ့ သည်။

KNU/KNLA-PC ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ် 

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ဧပြီ ၇ ရက်နေ့မှာ ထုတ်ပြန်လာသည့်စာ ထွက်ပေါ် လာခဲ့သည်။

KNU/KNLA-PC သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုး ထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။