CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (EAOs) ၅ ဖွဲ့မှ ခေါင်းဆောင်များ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးညီလာခံကျင်းပရေး ဆွေးနွေးနေကြသည်။

ဇွန်လ ၂၆ ရက်နေ့တွင် နေပြည်တော်ရှိ NSPC ၌ တွေ့ဆုံ၍ ဆွေးနွေးနေကြခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်လိုသော အချက်များ၊ ယခင် ဆွေးနွေးပွဲများ၌ သဘောတူထားသည့် အချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်း ချမ်းရေး ညီလာခံကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတို့ကို အပြန် အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့နောက် ဆွေးနွေးပွဲကို ၂၇ ရက်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်က NSPNC နဲ့ အပစ်ရပ် ၅ ဖွဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ်

NSPNC နှင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)မှ ဒုဥက္ကဋ္ဌ ကျာဖူး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းတို့ တက်ရောက် ခဲ့ကြသည်။

NSPNC ဘက်ကတော့ နစက၏ ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နစက အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။