CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၄

နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားရာတွင် ပြည်သူလူထုများသာရှိသည့် အရပ်သားပစ်မှတ်များကို ရှောင်ရှားသင့်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDP) မှ ပြောခွင့်ရသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲ ဧရိယာအတွင်းတွင်သာ တိုက်ခိုက်သင့်ကြောင်း၊ လက်နက် ကိုင်ဆောင်ထားသူများ အနေဖြင့် လူထုဘက် ကို သေနတ်ပြောင်း မလှည့်သင့်ကြောင်း ၎င်းက ပြောသည်။

KNDP ပြောခွင့်ရသူတစ်ဦးက “အဓိကတော့ တိုက်ပွဲဖြစ်ရင်‌တောင်မှ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ရင်တောင်မှ ကျနော် တို့ တစ်ဖက်နဲ့တစ်ဖက် စစ်ဧရိယာ၊ တိုက်ပွဲ ဧရိယာထဲမှာပဲ ပစ်ကြ၊ ခတ်ကြတာပဲ အကောင်းဆုံးပဲ၊ ပြီးရင် မဆိုင်တဲ့ ဒီနေရာမှာဖြစ်ပြီဆိုလို့ရှိရင် ဒီနေရာနဲ့ ဘာမှမဆိုင်တဲ့ ရွာတွေဖက်ကို တခြား တိုက်ပွဲဧရိယာနဲ့ မိုင်တွေများစွာ ကျော်လွန်တဲ့ နေရာမျိုးတွေက လက်နက်ကြီး ပစ်တာမျိုး ဆိုလို့ရှိရင် မလုပ်သင့်တဲ့ အရာတွေပေါ့၊ နောက်တစ်ခု ဆိုလို့ရှိရင်လည်း လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ကျနော်တို့ဆို ရင်ဆိုင်တိုက်ပွဲတွေမှာ ဘယ် တော့မှ လူထုတွေရှိတဲ့ တခြား စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ သူတွေပေါ့၊ အရပ်သားတွေ ရှိတယ်ဆိုတဲ့ နေရာဖက်ကို သေနတ်ပြောင်း လှည့်ပြီး မပစ်ဘူးပေါ့နော်၊ အဲဒီလို အနေအထားမျိုး ဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်းကတော့ လူထုတွေရှိတဲ့ နေရာမှာဆိုရင်‌တော့ ဘယ်လိုပြောမလဲ ကိုယ်က သေနတ်ကိုင်ထားတာ ဖြစ်တဲ့အတွက် လူထုတွေ ဖက်ကိုတော့ သေနတ်မလှည့်သင့်ဘူး” ဟု ပြောသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ပျက်ကို တွေ့ရစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှု၊ အိုးအိမ်မီးလောင် ပျက်စီး မှု၊ လက်နက်ကြီး ကျရောက်‌ ပေါက်ကွဲမှုများကြောင့် အရပ်သားသေဆုံးမှုများ ဖြစ်ပေါ်နေသည်။

အလားတူ လုပ်ကြံသတ်ဖြတ်မှုများကြောင့်လည်း အရပ်သားများ သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

လက်နက် ကိုင်ဆောင်ထားသော အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတကာမှ သတ်မှတ်ထားသည့် စံနှုန်းများကို လိုက်နာရမှာဖြစ်ကြောင်း၊ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းများက လိုက်နာကြကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာညိုညိုသင်းက “အဲဒါကလေ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဂျီနီဗာကွန်ဗင်းရှင်းဆိုတာကို လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လိုက်နာရတယ်လေ၊ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေပေါ့ကွယ်၊ အဲဒီတော့ အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေ လိုက်နာရမယ့် စံနှုန်းတွေဆိုတာ ကမ္ဘာက သတ်မှတ်ထားတယ်၊ အဲဒီ သတ်မှတ် ထားတာကို ယဉ်ကျေးတဲ့ နိုင်ငံတွေက လိုက်နာရတာပေါ့ကွယ်၊ ယဉ်ကျေးတဲ့နိုင်ငံရဲ့ လူ့အဖွဲ့အစည်းတွေက လိုက် နာရတာပေါ့၊ မယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေက မလိုက်နာကြဘူးပေါ့ကွယ်၊ အဲဒီတော့ ကမ္ဘာလုံးဆိုင်ရာ သတ်မှတ်ချက်တွေ ရှိတယ်၊ အဲဒါကို လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း တော်တော်များများကိုတော့ သင် ကြားပေးကြတယ်လို့ အန်တီတို့ သိရတယ်ပေါ့နော်၊ ကိုယ့်ကို သင်ကြားပေးထားတဲ့ ကိုယ့်ရဲ့ မိခင်အဖွဲ့အစည်းက သင်ကြားပေးတဲ့ အတိုင်းပေါ့၊ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ အရပ်သားတွေအပေါ်မှာ ပြုမှုဆောင်ရွက်ရမယ်၊ ဘယ်လောက်ပဲ ကိုယ်နဲ့ အမြင်မတူတူပေါ့နော်၊ အရပ်သားမှန်လို့ရှိရင် ဒါခွင့်လွတ်ပေးရမယ်၊ ကင်းလွတ်ခွင့် ပေးရ မယ်ပေါ့၊ ကင်းလွတ်ခွင့် ပေးရမယ်ဆိုတာ အကြောင်းမဲ့ ညှင်းပန်း၊ နှိပ်စက် သတ်ဖြတ်လို့ မရဘူး။

ချင်းပြည်နယ်အတွင်းက ပြည်သူများကိုတွေ့ရစဉ်

အကြောင်းမဲ့ဆို တဲ့ နေရာမှာလည်း ကိုယ့်အကြောင်းကို ဖန်တီးပြီးတော့ နှိပ်စက်၊ ညှင်းပန်း သတ်ဖြတ်တာတွေ မလုပ်ရဘူး။ သုံ့ ပန်းအဖြစ် ဖမ်းမိရင်‌တောင်မှ သူတို့အသက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရတယ်ပေါ့၊ အဲဒီလို အခြေခံစံနှုန်းတွေ အပေါ်မှာ လက်နက်ကိုင် သူတိုင်းက လိုက်နာရတာပေါ့နော်၊ ဒါကတော့ ကမ္ဘာမှာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေပေါ့ကွယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်‌‌ပေါ်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့သလို လက်ရှိတွင်လည်း လက်နက်ကိုင် တိုက်ပွဲများအကြား အရပ်သား ထိခိုက်သေ ဆုံးမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။